အဲ့ဒီအစား လတ်ဆတ်ချိုမြတဲ့ သစ်ကြားသီးတစ်လုံးနဲ့
ငါ့ကိုယ်ငါ ပေါင်းတင်လိုက်တယ်
ငါဟာ ခဏနေပဲ
စံချိန်တင်တော့မယ့် ဝါးတစ်ပင်မို့
ဖြောင့်ဖြောင့်မတ်မတ် ရိုရိုကျိုးကျိုးနဲ့ တာလမ်းပေါ်ပြေးထွက်တော့မယ်
ငါ့လက်တွေပေါ်စိုက်ပေးထားတဲ့ မြေဆီသြဇာတွေကလည်း
နံစော် ပူလောင်
ပုပ်ပွနေခဲ့တာမို့ ငါ့ကိုယ်တွင်းခေါင်းရဲ့ အတွင်းနက်နက်ထိ
ဖိသိပ်ဖျစ်ညှစ်နေခဲ့တာ အကြိမ်ကြိမ်၊
အခုချိန်မှာတော့ ငါ့ခြေအစုံတွေက တစ်နစ်ဖိနပ်တွေထက်
ပေါ့ပါးနေတာမို့
သီချင်းလေးတစ်ပုဒ်လောက် လေချွန်ပြချင်တယ်
‘ကျေးဇူးတင်ပါတယ်’
လို့၊
ဟိုးမြေပြင်မှာ စထွက်ခုံ
အစွန်းနဲ့ ခြေနင်းသားကိုဖြတ်ပြီးထိနေတဲ့
ငါ့ခြေချောင်းလေးတွေတိုင်းဟာ ကိုယ့်သစ္စာကိုယ်တည်ဖို့
တစ်ရှုးစတွေကို တွန်းအားပေးနေတာကို ငါတစ်ဒိန်းဒိန်းကြားနိုင်ရဲ့
ငါ့နဖူးစီးမှာလည်း ခပ်ရဲရဲ
သတ္တိစကိုပတ်လို့ အလံတော်ကို
မကြာမီ
ရောက်တော့မယ့်အကြောင်း ကြိုတင်သတင်းပေးထားတယ်၊
မဟုတ်ရင်လည်း ငါ့အမည်နာမကို အရှင်လတ်လတ်
တွင်းတူးမြှုပ်နှံထားချင်တဲ့ ရပ်ကွက်က
ငါကျန်းခန့်သာလို့ မာတဲ့အကြောင်းသိရလို့ ဖျားသွားနိုင်တာပေါ့၊
ငါဟာ ဂုဏ်သတင်း
ဉာဏ်အလင်းတွေကို မကြာခဏ
သေဆုံးလိုက် မွေးဖွားလိုက် ယဉ်ပါးခဲ့ပြီမို့
ငါ့ရဲ့အထင်အမြင်တွေဟာ ပြတ်သားနေခဲ့ပြီ
ဒါကြောင့်
အသည်းငယ်ရင်လည်း ဘေးဖယ်နေလိုက်
ရေစက်မှုန်တွေတိုင်းဟာ ငါ့ခန္ဓာကိုယ်
ဂလင်းတွေဆီက
အညစ်အကြေးတွေကို သယ်ဆောင်သန့်ရှင်းစေမှာဖြစ်လို့
ငါ့ရှိရှိသမျှ ပစ္စည်းဥစ္စာမှန်သမျှ ငါ့ရွှေရောင်ဆီ
မျက်နှာမူနေပြီ
စမ်းကြည့်လိုက်စမ်း ဘယ်လိုနည်းနဲ့ပဲ ဖြစ်စေ
ငါ့လက်ဖျံက တစ်ဒတ်ဒတ်
နိမိတ်ရွှင်ပြပြက
ရေခဲတောင်ကိုတောင် အရည်ကျိုသောက်ပစ်မှာမို့
စမ်းကြည့်လိုက်စမ်းပါ
မယုံရင်စောင့်ကြည့်နေ
ငါလာနေပြီ
တောင်ကမူတိုင်းကို တိုက်ခိုက်
သတ်ပုတ်လို့
ပြိုင်ဘက်မရှိ ငါ
ရောက်ရှိလာတော့မည်။
20th
March, 2009 (9:23 PM)
2 comments:
အသည်းငယ်ရင်လည်း ဘေးဖယ်နေလိုက်----တဲ့ ကြိုက်သွားပြီ
ထိုက်ထိုက်ရေ အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပြန်ပီ။ မထွက်ဖြစ်ဘူး။ လက်ရှိနေရာလေးမှာပဲ အကောင်းဆုံး စွမ်းဆောင်တော့မယ်။
မယုံရင်စောင့်ကြည့်နေ
ငါလာနေပြီ
Post a Comment