ကံကြမ္မာပေးသော ချိန်းဆိုမှု

Feb 26, 2013

2 comments
စကားပြေတိုင်းရဲ့ သော့ချက်တွေမှာ
မြုပ်ကွက်ကို ထွင်းထုတ်မိတိုင်း
သူရောက်လာမလားလို့
ကျွန်တော်ထင်နေတယ်။
တကယ်တော့... သူက
စုတေရမှာ ကြောက်လို့
ဓာတ်ရိုက် ဓာတ်ဆင်တွေနဲ့ အပေးအယူတည်နေတဲ့
ချယ်ရီရောင် ပွင့်ဖတ် တစ်ချပ်။
သူပျော်တဲ့ အစိမ်းမရှိတဲ့
မြင့်မြင့်ကိုင်းကိုင်း ခန်းဆောင်မှာက
နူးညံ့တဲ့ အမွှေးပွ အတောင်တွေနဲ့
သူဘယ်တော့မှ မဆင်းသက်ချင်ခဲ့။
ကျွန်တော်ကတော့
ချိုချိုသာသာ မတီးမှုတ်တတ်
အသံကြောင်တတ်တဲ့
ရူးရူးရိုင်းရိုင်း လေတစ်ပွေ။


7th January, 2009

တစ်ကြော့ပြန်

1 comments
rehearsal တွေလည်း များလှတဲ့ဘဝ
လမ်းတွေဖောက်ထားသမျှကလည်း
နောက်ဆုံးတော့ အစကပြန်လျှောက်ရတာပဲ
နိဒါန်းကို ဘယ်လောက်နောကျေကျေ
`0´ ကို ကျကျ သွားတဲ့စံချိန် အတွက်တဲ့...
ကျက်ထားတဲ့ နိဂုံးတောင်ဝါးကုန်ပြီ။
 
20th March, 2005

အချိန်

0 comments
လက်ဖ၀ါးအစုံကို ဖြန့်လို့
ငါမျှော်နေတာ
ကြာလှပေါ့ ပန်းကလေး
လေပြည်ညင်းက
သည်နေ့မှ...
သိပ်နောက်ကျတယ်။


11th January, 2005

ချိန်ညှိစက်

0 comments
အရုဏ်ဦးက ပေါက်ပြဲနေမှတော့
နေ့အတွက် အစာအဟာရတွေနဲ့
ဖာထေးခဲ့ရတယ်လေ။
ကောင်းကင်မှိုင်းကို
ရေစစ်လို သဘောထားပြီး
ဆာလောင်နေတဲ့ နှလုံးသားရဲ့
ရိုက်ခတ်ကြိမ်နှုန်း တွေကို
စစ်ချပြီး သန့်စင်နေမိတယ်။

ဖြစ်ချင်တာတွေ အားလုံးဟာ
ဖြစ်သင့်တာတွေ ချည်းပဲလို့
ပြတ်သားရင်းနဲ့ပေါ့...

5th July, 2005

သံနှစ်ချောင်းထက်က အချစ်ဆုံးအတွက်

1 comments
လေးလေးလံလံ ခြေထောက်တွေနဲ့ ပေတစ်ရာလမ်းပေါ်မှာ ချိနဲ့နဲ့ ခွန်အားကိုပြု၊ အိပ်မှုန်စုန်မွှား နင်းချခဲ့ရတဲ့ ဘီးလည်သံ... အမှတ်သညာ မသေချာတဲ့ မှတ်ဥာဏ်နဲ့ လမ်းလည်ကျွန်းက အပင်တွေကို လက်တွေချိုး... ကုန်းဆင်းကို အရှိန်လျှော့ဖို့ မေ့ရင်း ဘ၀ဆိုတာ ဘာလဲ? မရိုးနိုင်တဲ့ရှေးအကျဆုံး ဒဿနကို အဖြေရှာ၊ ဟင့်အင်း လွဲနေပြီ၊ ဟုတ်တာပေါ့ အတက်ဆိုတာ အားမာန်ရှိမှ ဖြစ်မှာပေါ့။ ဘ၀ဆိုတာ သစ်တော်သီးဆိုရင်လည်း ကိုက်သာစားလိုက်ရုံပါပဲ။ ဖြစ်သမျှတွေ အကောင်းချည်းနဲ့လည်း မတင်းတိမ်နိုင်သမျှ၊ တတ်နိုင်သမျှလေးတော့ ဟိုး တောင်ကုန်းတွေထက်က စေတီကို ဦးခိုက် အနာသစ်တွေ ထပ်မဖြစ်ဖို့ ဆုတောင်းမယ်။

2nd August, 2005

ကျောက်ခေတ် မှနှုတ်ဆက်ခြင်း

1 comments
မနက်ဖြန်တွေ အကြောင်း
ချရေးရင်း
သည်နေ့မနက်ကတော့
အဆိပ်သင့်သွားခဲ့ပြီ...
မေတ္တာတရားကို
ငါသိချင်နေတယ်
တစ်နေရာရာမှာ ရှိတယ် ဆိုတာမျိုး
ငါစိတ်ချထားနိုင်ဖို့ပေါ့...
တချို့ဖွင့်မကြည့်သင့်တဲ့ အံဆွဲတွေ
ဆွဲဟလာရင်တော့
မီးထတောက် မှာပဲလေ...


11th August, 2005

အတက်

0 comments
ဂရုတစိုက် ပျံသန်းဖို့
ငါ့အတောင်တွေက
အကြားအမြင် မရခဲ့ဘူး...
ပင်လယ်မှ ဖြတ်ချင်တဲ့
ခရီးရှည်
အရောက် နောက်မကျဖို့
လောဘတကြီး ရှေ့ဆက်...
လေအဟုန်ကို တောင့်တလာတယ်။


13th August, 2005

စာမေးပွဲ

0 comments
အဲ့ဒီ ပေးဆပ်မှုတွေက
မျှော်မှန်းချက်အတွက်
မတန်မရာ နိုင်လွန်းတာကို
ဘယ်လိုတိကျစေမလဲ
စွမ်းအင်မတူတဲ့
နှလုံးသားတွေဆီက
ဆန္ဒနဲ့ ဆုတောင်းတွေကို
ပေတံတစ်ခုတည်းနဲ့
အဓိပ္ပယ် မကောက်ပါနဲ့လား...
ဟိုဘက် နံရံအပြင်မှာ
အဖြေတွေရှိပြီး
သွားပြန်ကြည့်နေဖို့ တရားမ၀င်တဲ့
ဖြေဆိုမှု တစ်ခုလို
ဦးနှောက်တွေ မရိုးမရွနဲ့
ကြောက်စရာ ကောင်းနေလို့ပါ...


14th September, 2005

လက်ဆောင်

2 comments
ပျော်ရွင်ခွင့်ရတဲ့ မနက်ခင်းတစ်ခုရယ် ရနံ့စုံတဲ့ ပန်းတစ်ခင်းရယ် ထုပ်ပိုးထား ခဲ့ပါတယ်။ တိမ်ရောင်တောက်တဲ့ ညနေဆည်းဆာ တို့နှစ်ယောက် ခွဲဝေ စားသုံးလို့ မဖြစ်နိုင်ဘူးလား။ မလုံမှာ သေချာရက်နဲ့ ၀ယ်ခဲ့ရတဲ့ ထီးတစ်လက်ကတော့ သည်တစ်မိုးရဲ့ ဇာတ်သိမ်းပဲမလား? ရသေးတယ်၊ ဆက်လျှောက်လိုက်ဦး။ ကိုယ့်ကိုကိုယ် ယုံကြည်တာပေါ့၊ မကောင်းတဲ့ နိမိတ်ရဲ့ တစ်ခုခု မင်းဆီခုန်ခဲ့ဖို့ ဆိုတာ ခွင့်မှမပြုထားတာပဲ။

25th September, 2005

လက်ပံပွင့်ချိန် အမှတ် ၅၁၀

0 comments
ဆောင်းနှင်းရဲ့ သံစဉ်နဲ့အတူ
ထီးတွေခေါက်လိုက်ပြီ။
သည်ရာသီကို ကော်ဖီတစ်ခွက်နဲ့ ရင်မဆိုင်ရဲရင်
jacket ကြယ်သီးလေး ဆွဲစေ့ပေါ့
ထီးတွေရဲ့ vacation မှာ
ပင့်ကူတွေ ပျော်တော့မယ်။


22nd October, 2005

ကြောင်များနှင့် ခွေးများ မိုးရွာခြင်း

0 comments
နည်းသလား များသလား
မရေတွက်နိုင်တဲ့
မိုးပေါက်တွေ အောက်က
ညနေ
ဆည်းဆာကို ချိုးပြီး
လမင်းကို ပိတ်ပင်ထားတယ်။
သန်းခေါင်ယံနေ
ဖြန့်ကျင်းဖို့ပေါ့
ဘယ်ဘက်ရင်အုံပေါ်
နော်ဝေး
ရောက်လာမယ် ဆိုတာ
ဝေးလွန်းလှပါတယ်။


29th September, 2007

သည်နေ့

0 comments
နေမြင့်နေတဲ့ မနက်ခင်း
မဖြေနိုင်တဲ့ စာမေးပွဲ
ဖုန်းပျက်နေတဲ့ နေ့လည်
အိပ်ခန်းကျဉ်း တစ်ခုသို့ အလည်အပတ်
စာဖတ်ခန်းနဲ့
လက်ထောက်ဗေဒင်
မောင်မောင်းသည်ရဲ့ လက်ရာ
မိုးကာရွဲတဲ့ အကြော်ဆိုင်
လီရောင်ဂျေးနဲ့ ဟန်ဂျီအင်းရဲ့ ချစ်စံအိမ်
စာမကျက်ဖြစ်တဲ့ အကန့်များ
hip hop တွေဆန္ဒပြ
အရိုးတောင့်အောင် နှိပ်စက်တဲ့
လှလှပပဆောင်း
သုဂတောလေးပတ်နဲ့
စိတ်ကိုငြိမ်အောင်ချ
ကော်ဖီတစ်ခွက်နဲ့
အားမရတဲ့နေ့။

23rd December, 2005

အင်္ဂါနေ့ မနက် 10:30

0 comments
ဒီနေ့ ဘာနေ့ဖြစ်ဖြစ် အရေးမပါဘူး။ အနီရောင်မိုးတိမ်ရဲ့ အမှောင်ခန်းထဲမှာ မငိုခဲ့ဘူးလို့ ဝန်မခံဘူး။ ငါ့ဟာငါ အပြုံးတွေတပ် အရှုံးတွေထပ်တဲ့ နာရီတိုင်းမှာ သတ္တိမဲ့နေခဲ့တာ ငါမဟုတ်ချင်ဘူး။ ငါ အညိုရောင်မျက်မှန်ရဲ့ အနောက်မှာ အားတင်းနိုင်ခဲ့ရင် နှုတ်ဆက်ဖို့ မေ့မှာမဟုတ်ဘူး။ တာဝန်ဆိုတာ ပျက်ကွက်ဖို့ မဟုတ်ဘူး။ ချိနဲ့တဲ့စိတ်နဲ့ ထွက်ပြေးချင်စိတ် ဖြစ်ခဲ့တာ ငါမဟုတ်ဘူး ဆာလောင်မှုရဲ့ ဖြည့်ဆည်းမစွမ်းချင်တဲ့ ကိုယ့်အညှိုးအတေးနဲ့ကိုယ် ရင်တွေတလှပ်လှပ် တုန်နေတာ ကျစိမ့်တစါခုတည်းကြောင့်လို့ ယုံကြည်ချင်ပြီး ခြုံရုံထားတဲ့ အဲဒီ အဝတ်အစားအတိုင်း အခန်းအောင်းမိတာ ငါမဖြစ်ချင်ဘူး။ စိတ်ကိုတင်း အရှုပ်က်ု ရှင်းရင်းမှ ကိုယ့်ဗဟီရကိုယ် သတိရတဲ့ အကျင့်မျိုးနဲ့ ငါမဖြစ်ချင်ဘူး။

1st December, 2005

လွမ်း

0 comments
ထားခဲ့ပေါ့...ရတယ် မင်းမှမဟုတ်ဘူး
ဘဝဆိုတာ အဓိပ္ပါယ် အများကြီးပဲ။
စိတ်လှုပ်ရှားတယ်မလား အတူတကွလေ
တစ်သင်းတစ်ဖွဲ့စီ ပါဝင်ကြတာပေါ့။
သည်လမ်းကြောင်းက သည်လိုလည်ပတ်ဖို့ ပဲလေ
ဝင်ပြီးတောသာလှမ်း အထူးလျှော့ဈေး အသစ်တွေလည်း ရှိတာပဲ။
သည်အဆောက်အဦးပေါ်မှာ သည်လမ်းပေါ်မှာ
ကျခဲ့တဲ့အမှတ်တရတွေ ငါကတော့ အိတ်ပေါက်ထဲ ကောက်ထည့်လို့။


31st August, 2006

Where do this dream come true?

0 comments
စုပ်လည်းဆူး စားလည်းရူးတဲ့
မျက်ရည်လောကများ၏ ဟိုမှာဘက်တွင်
အဆိပ်အတောက် သင့်တဲ့အရာ
အိုးစွတ် ခွက်စွတ်လည်း မစားမိပါဘူး။
ယုံကြည်ကိုးစားခဲ့တဲ့ အဖိုးအခ
ပြန်ရတာ လုံးဝအချိုးမကျဘူးတဲ့လား။
အဲဒီအတိတ်ရဲ့ ပိုက်စိပ်တိုက်မှု
အရာရာရဲ့ ကွင်းဆက်နဲ့ အခုမှနာကျင်နေရ
အသည်းအသန် ကယ်ဆယ်ခဲ့ရတဲ့ခံယူချက်
မမျှတမှုနဲ့ အသိမ်းခံရတဲ့ ပန်းတိုင်အောက်မှာ
သေဆုံးရတော့မယ့် ဖြစ်ရပ်များစွာနဲ့
သည်မှာ နာကျင်နေတာက-
လမ်းပျောက်နေတဲ့ တရားကြောင့်ပေါ့။


7th September, 2006

ဗုဒ္ဓဟူး ဥပမာများ

0 comments
တစ်ခါတစ်လေ ဗုဒ္ဓဟူးကို အနိုင်နဲ့ပိုင်းတယ်၊
တစ်ခါတစ်လေ ဗုဒ္ဓဟူးက အနိုင်နဲ့ပိုင်းတယ်။
တစ်ခါတစ်လေ ဗုဒ္ဓဟူးက ရင်ခုန်ဖို့ကောင်းတယ်၊
တစ်ခါတစ်လေ ဗုဒ္ဓဟူးက ခြောက်ကပ်ကပ်ဆန်တယ်။
တစ်ခါတစ်လေ ဗုဒ္ဓဟူးက သာသာညင်းညင်း ၀င်တိုးတယ်၊
တစ်ခါတစ်လေ ဗုဒ္ဓဟူးက အရှိန်ပြင်းပြင်းဝင်စောင့်တယ်။
တစ်ခါတစ်လေ ဗုဒ္ဓဟူးက အလိုက်သိတယ်၊
တစ်ခါတစ်လေ ဗုဒ္ဓဟူးက ဘေးချိတ်တတ်တယ်။
တစ်ခါတစ်လေ ဗုဒ္ဓဟူးက ချစ်ခင်တွယ်တာဖို့ ကောင်းတယ်၊
တစ်ခါတစ်လေ ဗုဒ္ဓဟူးက ဒေါသနဲ့ အခံရ ခက်စေတယ်။
တစ်ခါတစ်လေ ဗုဒ္ဓဟူးက ချိုသာ ယဉ်ကျေး နှုတ်ဆက်တယ်၊
တစ်ခါတစ်လေ ဗုဒ္ဓဟူးက တနုံ့နုံ့နဲ့ ခွဲခွာတယ်။
တစ်ခါတစ်လေ ဗုဒ္ဓဟူးက ကြိုလင့်တယ်၊
တစ်ခါတစ်လေ ဗုဒ္ဓဟူးက နှင်ချတယ်။
တစ်ခါတစ်လေ ဗုဒ္ဓဟူးက...၊
တစ်ခါတစ်လေ...


31st August, 2006

အောင်မြင်မှု၊ ထင်ပေါ်ကျော်ကြားခြင်း နှင့် ကံတရား၏မေတ္တာ

Feb 25, 2013

1 comments
2008 ခုနှစ် November ရဲ့ 16 ရက်နေ့မှာ ကွန်ပျူတာတက္ကသိုလ်ရဲ့ 2007-2008 ပညာသင်နှစ်အတွက် အောင်စာရင်းတွေ ထုတ်ပြန်ကြေညာပါတယ်။ တက္ကသိုလ် အဆင့်ရဲ့ အောင်စာရင်းကာလကို ကြုံကြိုက်ခဲ့တာ အခုဆိုရင် ငါးကြိမ်မြောက်ပါပြီ။ ဟိုးအရင်ပြီးခဲ့တဲ့ လေးနှစ်ကာလမှာ ခံစားမှု တစ်စုံတစ်ရာ ရှိအောင် စိတ်လှုပ်ရှားလို့ မရခဲ့ပါဘူး။ ဒီနှစ်ကတော့ မတူညီတဲ့ အဖြစ်အပျက် တစ်ခုပါ။

Uni days

0 comments
မထူးဆန်းပါဘူး
ဝင်ရောက်လာသမျှက
ထွက်ခွာသွားလိုက်
ကံကြမ္မာက သူ့အတွက်
နတ်သမီးပုံပြင် တစ်ပုဒ်လို၊
တေးဂီတတိုင်းရဲ့ သံချိုတွေလို
ဖြူဖြူပြာပြာ တစ်လူလူပျံဝဲ
တစ်ခမ်းတစ်နား သီကုံးနေလိုက်ကြတာ
ဘဝဟာ စိတ်လိုရာ
ဘူတာတိုင်းပဲ ဆိုက်ကပ်တော့မလို၊
မမြဲ ဆင်းရဲ မရှိတဲ့
ရဟတ်ဘီးရဲ့ သမ်းဝေမှုထဲ
တောင်ကြားတွေ ပြေးလွှားစောင့် ကြိုရင်း
ထမင်းဆီစမ်းပဲ ထည့်ပေးတော့မလို
ရွှေလင်ပန်းကိုပဲ မကြာခဏ အိပ်မက်နေမိခဲ့။

26th December, 2008

ရွက်ကြွေပေါင်းကူး

Feb 23, 2013

1 comments
နှင်းရည်စိုရွှဲတဲ့ နံနက်ခင်းတစ်ခုကို
လိပ်ပြာတစ်ကောင်က ဆုပ်ယူခြေမွ
ကမ္ဘာတစ်ဖက်ခြမ်းက
အမောတကောပြန်ခဲ့တဲ့ ရာသီလည်း
လမ်းတကာ၊ အိမ်တကာ၊ အခမ်းအနားတကာတိုင်းမှာ
ပန်းဝတ်လွှာတွေ ဆွတ်ခြူ
ခုနှစ်ရောင်ခြယ် စက်ဝိုင်းကွေးလည်း
ငုပ်လျှိုး ကွယ်ပ
မှန်ဘီလူးခုံးတိုင်း အတွက်
ပိုမို မဲပေးစရာ
ဘယ်အင်ကြင်းကမှ အစွမ်းမထက်နေခဲ့၊
ဘိသိက်ဆရာရဲ့ အခါတော်ပေးလည်း
ဥသြတစ်ကောင်အပေါ်
သြဇာမသက်ရောက်နိုင်ခဲ့။

22nd January, 2009

Childhood

2 comments
ဖန်ချောင်း၊ နီယွန်၊ မာကျူရီ၊ ရေနံဆီတွေနဲ့
မှော်ပညာရှင်ရဲ့ နှလုံးခုန်သံတွေ
တစ်လွင့်လွင့် တုန်လှုပ်သွား...
ပန်းအဝင် ခိုနွဲ့လိုက်တဲ့
ခါတော်မှီ အိမ်အပြန်လမ်းက
ရှိရှိသမျှ သီချင်းတွေ ဆိုညည်းသွား...
သခွတ်ပွင့်၊ အင်ကြင်းပွင့်၊ တစ်သံထွက်ချောင်း
အရိုးနုဆွဲကြိုး၊ ရွက်ခြောက်ပင်တွေနဲ့
ငါမင်းကို အရမ်းလွမ်းတယ်နွေ...

20th February, 2009

ဂရင်းနစ်မှတ်တမ်း

Feb 22, 2013

1 comments
အော်ဒါပဲ မှာလိုက်ချင်တယ် သီးသန့် ဒီဇိုင်းတစ်ခု
ရင်ဘောင်တန်းတဲ့ အရာတွေဆိုရင် ပုခုံးနှစ်ခုကတောင် ထသတ်တယ်။
ဆင်တူရိုးမှားအမြဲ သတိပြုတယ်၊ တံဆိပ်ရိုက်နှိပ်လို့ပေါ့
စွဲကျန် မြဲမြံနေတာဟာ အနိုင်ရတာပဲဖြစ်သင့်တယ်။
ခံစားမှုတွေက မိုက်ခရိုစကုပ်ကို ဖြတ်သန်းချပြ
ခပ်ကြီးကြီးမြင်ပြီး အမြဲကို ရူးကြောင်နေတော့တာပါပဲ။
ဒီမှာပဲ အခြေချပါ၊ ရွှေ့ယူပြောင်းမသွားပါနဲ့တော့
မုန့်ကိုတော့ခွဲဝေ ပြီးစားနိုင်တာပေါ့။

8th September, 2006

Pocket daily

0 comments
မနက်အိပ်ရာကထ၊ သွားရမယ်
မျက်နှာသစ်၊ ကိုယ်လက်သန့်စင်၊ ရှပ်အင်္ကျီကိုလျှို၊ ကြယ်သီးတွေတပ်
အိပ်ကပ်ကို စမ်းမိတော့ ခပ်ပြားပြား ခပ်ပါးပါး
ကိစ္စမရှိဘူး၊ ခေါင်းကိုဖြီး၊ လက်ဖက်ရည်ဆိုင်ရောက်ရင်
ပြန်ပြည့်လာမှာ၊ ဖောင်းဖောင်းကြီးကို ပြည့်လာမှာ။
အပြာရောင်ကို မြင်ချင်ရင် ကောင်းကင်ကိုသာမော့ကြည့်
အားလုံးတွေ့လိုတဲ့ တောက်ပမှု ဂျင်းတွေမှာ မရှိ
အမှတ်မှားတာ မဟုတ်ဘူး၊ တကယ်တော့ အမှန်ကြီးပါ
မယုံသေးရင် မျက်လုံးချင်းဆိုင် စူးစိုက်ကြည့်လိုက်။
Well, alright. အတွေးထည်ကြီး ရောင်းစွံပြီလား
အပြန်လမ်းမှာ ကျောပိုးအိတ်ကို စစ်ကြည့်
ဘယ်ဓါးရာမှ မပါပေမယ့် ရှုပ်ရှုပ်ထွေးထွေး ခြစ်ရာတွေသာကျန်ခဲ့
သေသေချာချာစစ်၊ ဘာမဆိုဖြစ်နိုင်ပေမယ့် cheque တွေတော့မပါဘူး။
ညနေ အိမ်ပြန်ရောက်ပြီ၊ ပိုက်ဆံအိတ်ခေါက်ကိုထုတ်
ဘာမှသံသယ ဖြစ်စရာမလို၊ တစ်ခွေခွေ တစ်ပေပေ
ကောင်းပြီ၊ ထိုင်တော့မယ်၊  CD player ကိုဖွင့်
Simple plan ကို နားထောင်၊ point 5 တစ်ချောင်းကိုကိုင်
အဲ့ဒီ စာမျက်နှာတွေက အကောင်းဆုံးသော အိပ်စက်ခြင်း။

16th May, 2010

အာလူး ဗူးသီး ခရမ်းသီး

Feb 21, 2013

1 comments
ပွဲစတာနဲ့
ပြေးချင်လည်းပြေး လိုက်ချင်လည်းလိုက်
အရေးတယူ လိုက်ဖမ်းမယ့်သူလည်းမရှိ
လိုက်ဖမ်းလို့လည်း အသိအမှတ် ပြုမယ့်သူမရှိ
လုပ်ပိုင်ခွင့်တော့ ရှိပါတယ်
ပွဲခင်းထဲဝင်ခွင့်ရတယ်
ပြေးလိုကပြေး လိုက်လိုကလိုက်တဲ့
အားလုံးရဲ့ သဘောကတော့ အပျော်တမ်း ဝင်ဆော့နေရုံ
ခွေးရူးတွေ ဘယ်နှကြိမ် ပြောင်းပြောင်း
မမောနိုင် မပမ်းနိုင် ပြေးနေလိုက်
သူ့တို့ ဇာတ်ကွက်တွေကို ရယ်နေလိုက်
မချိသွားလေး စပ်ဖြဲဖြဲနဲ့ ပြုံးသာနေလိုက်
မောသွားရင်လည်း ထွက်သာလာလိုက်
ဝင်လာသည်ဖြစ်စေ ထွက်သွားသည်ဖြစ်စေ
အဲ့ဒီပွဲမှာ အကျိုးသက်ရောက်မှုက minus အပြန်တစ်ရာ...

5th July, 2010

Circus

0 comments
သည်အချိန်မှာတော့ ဟိုးရှေးရှေးကပဲ ဆိုပါစို့
အိပ်ပျော်နေတဲ့ အလှမင်းသမီးလေး မဟုတ်တော့
ကျဉ်စက်နဲ့တို့ အနှိုးခံရတာ
အထိတ်ထိတ် အလန့်လန့် အယောင်ယောင် အကန်းကန်း။
ကြိမ်ဖန်များစွာ လေ့ကျင့်သင်ယူထားတဲ့
ပညာရှင်ရဲ့ လှံတံလို၊ ဘောလုံးလို၊ ပန်းကန်ပြားချပ်တွေလို
မြှောက်လိုမြှောက်၊ ပေါက်လိုပေါက်၊ ဖျောက်လိုဖျောက်
အဲ့ဒီ warehouse မှာ၊ အဲ့ဒီချိုင့်ဝှမ်းမှာ သိမ်းဆည်းခံ ခိုလုံ လုံခြုံနေတတ်ခဲ့။
ခံစားတတ်ပါသည် ဟူသော ခြောက်ပါးသော အာရုံများ
လက်ကလေး တစ်ချက်ဝှေ့ယမ်းရုံ၊ အင်္ကျီပေါ်က ဖုန်စလေး ဖယ်ပေးရုံနဲ့
ရူးမိုက်မှောင်လို့ လေဟာနယ်မှာ တစ်ဖျတ်ဖျတ် တစ်ခတ်ခတ်၊
အခုတော့လည်း တမူးမူး တမေ့မေ့ တလူးလူး တလိမ့်လိမ့်။
အချိန်တွေလည်း ကြာခဲ့ပြီ၊ ဂီတသံတွေ လည်းပြောင်း ကုန်ပြီ၊
အာမေဍိတ်တွေလည်း ကျယ်လှပြီ၊ လက်ခုပ်သံတွေလည်း ညံတော့မယ်၊
ကလကာကြီးလည်း ချတော့မယ်၊ မီးတွေလည်း မှိတ်တော့မယ်
ငါတစ်ယောက်တည်း ဘယ်လို အင်အားနဲ့ ဆက်ပြီး ကပြနေရဦးမှာလဲ။

27th May, 2010

အကြင်နာဆုံး ဇာတ်ဆောင်

Feb 15, 2013

2 comments
 ကြင်ကြင်နာနာ ယုယုယယ ဖေးဖေးမမ နူးနူးညံ့ညံ့
တတ်စွမ်းသမျှသော ချစ်ခြင်းတရား
သူ ငါ့ကို ပေးခဲ့တာ ဆွဲဆောင်မှုတွေ
ငါ့ရေချိုးခန်းမှာ သွားတိုက်တံ အပိုတစ်ချောင်း
ငါ့အ၀တ်ပုံတွေထဲမှာ သူ့အင်္ကျိ အချို့ကခေါက်လျက်
နွားနို့ကုလားကြီးနဲ့ ခြိမ်းခြောက်လို့ ဟိန်းဟောက်လိုဟောက်
ယုန်ငယ်လေးလို သိမ်မွေ့ရင် သိမ်မွေ့
လမ်းမက လူတွေနဲ့ ရတဲ့ လမ်းမက ဒဏ်ရာတွေ
သူငါ့ဆီရောက်လာတဲ့ပုံက စာတိုက် တစ်ခုကို ၀င်ထွက်သလို
ပို့လိုတဲ့အခါပို့၊ ထုတ်ယူလိုတဲ့ အခါထုတ်ယူ
ကျောကို သပ်ချပေးဖို့တော့ ငါ့တာဝန်လို့ပဲ ကျေပွန်ခဲ့တယ်

ဝတ္ထုတစ်ပုဒ်

1 comments
ဒါဟာ ၀တ္ထုတစ်ပုဒ်ပါ။
ရှေးဆန်ပေမယ့် ခေတ်အဆက်ဆက်တိုင်းမှာ ဂန္တ၀င် မြောက်တဲ့ ၀တ္ထုပါ။
ဒါလွမ်းမောဖွယ်ရာ ၀တ္ထုပါ၊ ဒါချိုမြိန်ဖွယ်ရာ ၀တ္ထုပါ။
ဘယ်သူက ဖတ်သည် ဖြစ်စေ၊ ဘယ်သူက မဖတ်သည် ဖြစ်စေ
ဘယ်သူက ပုံနှိပ်သည်ဖြစ်စေ၊ ဘယ်သူက ထုတ်ဝေသည်ဖြစ်စေ
ဘယ်သူက ဒီဇိုင်း ဆွဲသည် ဖြစ်စေ၊ ဘယ်သူက ရိုက်ကူးသည် ဖြစ်စေ
ဘယ်သူတွေက သရုပ်ဆောင် သည်ဖြစ်စေ၊ ဘယ်သူက ရေးဖွဲ့သည် ဖြစ်စေ
ဒါကတော့ ၀တ္ထု တစ်ပုဒ်ပါ။

Waiting

1 comments
နွမ်းဖတ်ဖတ် စာရွက်တွေရဲ့ အနံ့တွေ
တလူးလူး တဖျတ်ဖျတ်
ဖက်ရမ်း ရှုရှိုက်ရင်း မင်းကို သတိရနေမိတယ်
ဝိုးတ၀ါး အရပ်က ၀ိုးတ၀ါးပုံရိပ်တွေရဲ့
ဝိုးတ၀ါး အပြုံးတွေကို မျက်လုံး ထောင့်စွန်းရဲ့
ဝိုးတ၀ါး မြင်ကွင်းကနေ ပြန်မြင်ယောင်မိတိုင်း
မင်းအဆင်ပြေရဲ့လား လို့ တွေးမိပါရဲ့။

Night

1 comments
၁၁ နာရီ ထိုးမှာ ကြောက်တယ်
တီဗီ အစီအစဉ်တွေကော
ရေဒီယို ဒုတိယ အစီအစဉ်တွေကော
ပြီးတဲ့နောက်
အမှောင်ထဲမှာ တစ်ယောက်တည်း
ကျန်ခဲ့ရမှာ ကြောက်တယ်။
စာလုံးတွေနဲ့ အဖော်ပြုပါတယ်
သူတို့က ကိန်းကြီးခမ်းကြီးနိုင်လွန်းလို့
မှောင်မှောင် မည်းမည်း နဲ့တောင်
မအိပ်နိုင်တဲ့ ငါ့ကို မိုးအလင်းဒုက္ခပေးတယ်။
ဘာတွေပဲ ထုတ်လွှင့် ထုတ်လွှင့် အရေးမကြီးဘူး
ငါရချင်တာ အသံတစ်ခုသာပဲ။
ဘောလုံးပွဲတွေ မကြည့်တတ်တော့
ငါ့ ၁၁ နာရီတွေက ပိုအထီးကျန်ဆန်တယ်။

မယုံတတ်သူတို့ အတွက်ပုံပြင်

2 comments


ဘောပင်ကို မကိုင်ဖူးတာ အတော်ကြာပြီ။ နည်းပညာလောကထဲမှာ ဘ၀ကလည်း digitized ဖြစ်နေပြီ။ စာရွက်တွေထက် Office Word ကိုပဲ အသုံးများလာပြီး၊ စာအုပ်တွေထက် PDF တွေပဲ စုမိလာပြီး၊ စာအုပ်ဆိုင်တွေထက် CD ဆိုင်တွေ service center တွေပဲ မရောက်အပေါက် များလာတဲ့ သည်နှစ်ပိုင်းတွေမှာ အခုတော့ inbox ထဲ တန်းစီဝင်နေတဲ့ mail တွေကိုကြည့်ပြီး တရွရွဖြစ်နေတဲ့ လက်တွေက ဘောပင်မှ မကိုင်တော့ရင် ဘာအလုပ်မှ မဖြစ်တော့မယ့် အတိုင်းပါပဲ။

နာ

Feb 13, 2013

2 comments
စွဲမြဲ ယုံကြည်တတ်တဲ့ စိတ်ကို
ငါ့ဟာ ငါလည်းမုန်းပါရဲ့
zero ချထားတဲ့ အမှောင် ခန်းလေးပါ
ဘာလို့ အရောင်တွေ ခဏခဏ သမ်းပြနေတာလဲ
တကယ်လည်း လင်းချင်းထွန်းလင်းပေးနိုင်တာ မဟုတ်ပဲ။
လူတွေက ဘာတွေလဲ?  တကယ်ပဲ နားမလည်နိုင်တော့ဘူး
အဆိပ်တက်တက် အသွားတက်တက် Rap တစ်ပိုဒ်လောက်ပဲ
Repeat ချင်းထပ်လို့ မပြီးနိုင် မဆုံးနိုင် ရွတ်ဆိုနေတာ
ဘ၀ ရဲ့ လက်စွဲဆောင်ပုဒ်တွေတောင် ခြေသုတ်ပုဆိုး ဖြစ်သွားရှာ
ရယ်ချင်တယ် ရယ်ချင်တယ် ရယ်ချင်တယ်
ရယ်သံထွက်ဖို့တောင် ရင်ဘတ်က တစ်ဖျစ်ဖျစ်နာနေလို့
တသိမ့်သိမ့်တုန် ဟာသမြောက်နေတဲ့ အချစ်တစ်ပုဒ်က
တံခါးခေါက်လိုက် ခြေဆောင့်ကန်လိုက်နဲ့
ငွေရောင် အရည်ရောင် အလွမ်းရောင် အနာရောင်
မျက်ရည်စက်တွေသာ မဆဲနိုင် မဆုံးနိုင်
မည်းမည်းသည်းသည်း သည်းသည်းမည်းမည်း
တစိစိ တဆွေဆွေနဲ့ စနေ ကျနေလိုက်တာ
အကျမနာဖို့တွေ အနာပေါ် တုတ်မကျဖို့တွေ 
လှေကားတွေ elevator တွေ မဟုတ်ဘူး
သူ ကျော်တက် ခွနင်း ခွာပေါက် ထိုးဖောက် သွားတာ
ငါ့ဝိညဉ်ထဲက ရွှေဝါရောင်၊ ငါ့နှလုံးသားထဲက ပန်းသီးနဲ့
ငါ့ကိုယ်ခန္ဓာထဲက ဆံချည်မျှင်သွေးကြောတွေ...

9th April, 2011
 


Black hole

2 comments
ချိုချိုရှရှ အချစ်ဆိုသတဲ့
ဖောက်ပြား ပျက်ရွင်းတတ်သောသိက္ခာ
ပခုံးကိုဖက်တွဲ ပူးစုံ ခုန်ပြေးရတာ
တော်တော်ကလေးတော့ ဆောင်းကန်းကန်း
ချယ်ရီပဲဖွေးဖွေး ပိတောက်ပဲ မွှေးမွှေး
စပျစ်သည်လည်း စပျစ် ၀ိုင်သည်လည်းဝိုင်
ဓါတုဒြပ်ပေါင်းရဲ့ ဒြပ်စည်းတွေ ဘယ်လိုပဲ ကွန်ယက်ပါစေ
မပြောင်းလဲတဲ့ ဈေးဝယ် လက်တွန်းလှည်းရဲ့ စတီးလ် ချောင်းတွေကတော့
ကျီကျီ ကျွီကျွီ လေးဖဲ့ တွန်းဆွဲ ညည်းညူလျက်
တံဆိပ်တွေ ခပ်နှိပ် လက်မှတ်တွေ ဖော်ပြနဲ့
ဒါက terminator condition မပါတဲ့ looping တစ်ခု။

26th March,2011

911

1 comments

ပြတင်းပေါက် တွေစောင်းကုန်ပြီ
ကုလားထိုင်တွေလည်း တုံးလုံးပက်လက်
ကြွေဇလုံထဲက ရေတွေ ခန်းလုံးပြည့်နေပြီ
ရေမှုန်ရေမွှားတွေ ပါးပြင်ကို ထိခတ်နေပြီ
ဝရံတာတွေ ကျွမ်းထိုး မှောက်ခုံနဲ့
ကားတွေ ဘရိတ်မမိတော့ဘူး
အဆောက်အဦးတွေ ခေါင်းပြတ်
နောက်တော့ အစိတ်စိတ်ကွဲသွား
မြေဆိုတာ မရှိတော့ဘူး
အားလုံး လဟာပြင်မှာ လှုပ်လှုပ် ခတ်ခတ်နဲ့
ကောင်းကင်ဆိုတာ ဟိုဘက်ခေတ်မှာ ကျန်ခဲ့ပြီ
လုပ်ပါဦး! မြန်မြန်!
ကမ္ဘာမြေမှာ ဆွဲအား မရှိတော့ဘူး...

10th April, 2009

Rain nearly to break down one life

Feb 12, 2013

1 comments

သည်နေ့ ကော်ဖီ မသောက်ဘူးလို့ ဆုံးဖြတ်ထားတယ်
အရုဏ်တက်မှာ အိပ်ရာဝင်၊ ရုံးတက်ချိန်မှာ အိပ်ရာထ
ဇီးကွက် တစ်ကောင်လိုပဲ ဘယ်တော့မှ လန်းဆန်းတက်ကြွ မရှိခဲ့၊
အသက်နဲ့ မမျှအောင် ထုံထိုင်းခဲ့ အရွယ်နဲ့ မမျှအောင် မှုန်မှိုင်းခဲ့
ညနဲ့ မတန်အောင် အိပ်မက်ကြော ရှည်ခဲ့။
သည်ကဗျာကို ဆက်မရေးတော့ဘူး လို့ ဆုံးဖြတ်ထားတယ်
နာနာကျင်ကျင် ခက်ခက်ခဲခဲနဲ့အော်
သားကောင်တစ်ကောင်လို မညည်းတွားချင်ဘူး၊
သည်လမ်းကို နောက်တစ်ခေါက် ထပ်မလျှောက်ဖို့ ဆုံးဖြတ်ပြီးသား
စီးထားတဲ့ ဖိနပ်တွေက မတော်၊ ဆောင်းထားတဲ့ထီးက မလုံ
မျက်နှာချင်းဆိုင်က လောကဓံ ရှစ်ပါးက လောကဓံ ပီသမှာပဲ။
ဒါပေမယ့်လည်း...ခြေထောက်တွေက ထမင်းစားခန်းကိုသွား
လက်တွေက all time premier ကို ဖန်ခွက်ထဲထည့်
တစိမ့်စိမ့်ယို ပေါက်ကွဲနေတဲ့ ကြားက
အဲ့ဒီ ကဗျာကိုပဲ ဆက်ပြီးစိတ်ကူးနဲ့ရေး
သည်လမ်းမပေါ်မှာပဲ ခေါက်တုံ့ခေါက်ပြန် အတွေးပွားနေလိုက်တာ
တစ်ခြံလုံးပြည့်လျှံ နေတာတောင် သတိမလည်နိုင်သေး။

27th May,2010

About me

mypersonalspace
View my complete profile

Comment