သည်အချိန်မှာတော့ ဟိုးရှေးရှေးကပဲ ဆိုပါစို့
အိပ်ပျော်နေတဲ့ အလှမင်းသမီးလေး မဟုတ်တော့
ကျဉ်စက်နဲ့တို့ အနှိုးခံရတာ
အထိတ်ထိတ် အလန့်လန့် အယောင်ယောင် အကန်းကန်း။
ကြိမ်ဖန်များစွာ လေ့ကျင့်သင်ယူထားတဲ့
ပညာရှင်ရဲ့ လှံတံလို၊ ဘောလုံးလို၊ ပန်းကန်ပြားချပ်တွေလို
မြှောက်လိုမြှောက်၊ ပေါက်လိုပေါက်၊ ဖျောက်လိုဖျောက်
အဲ့ဒီ warehouse မှာ၊ အဲ့ဒီချိုင့်ဝှမ်းမှာ သိမ်းဆည်းခံ ခိုလုံ လုံခြုံနေတတ်ခဲ့။
ခံစားတတ်ပါသည် ဟူသော ခြောက်ပါးသော အာရုံများ
လက်ကလေး တစ်ချက်ဝှေ့ယမ်းရုံ၊ အင်္ကျီပေါ်က ဖုန်စလေး ဖယ်ပေးရုံနဲ့
ရူးမိုက်မှောင်လို့ လေဟာနယ်မှာ တစ်ဖျတ်ဖျတ် တစ်ခတ်ခတ်၊
အခုတော့လည်း တမူးမူး တမေ့မေ့ တလူးလူး တလိမ့်လိမ့်။
အချိန်တွေလည်း ကြာခဲ့ပြီ၊ ဂီတသံတွေ လည်းပြောင်း ကုန်ပြီ၊
အာမေဍိတ်တွေလည်း ကျယ်လှပြီ၊ လက်ခုပ်သံတွေလည်း ညံတော့မယ်၊
ကလကာကြီးလည်း ချတော့မယ်၊ မီးတွေလည်း မှိတ်တော့မယ်
ငါတစ်ယောက်တည်း ဘယ်လို အင်အားနဲ့ ဆက်ပြီး ကပြနေရဦးမှာလဲ။
27th May, 2010
ဒီဇင်ဘာ မိုး
1 year ago


0 comments:
Post a Comment