မယုံတတ်သူတို့ အတွက်ပုံပြင်

Feb 15, 2013



ဘောပင်ကို မကိုင်ဖူးတာ အတော်ကြာပြီ။ နည်းပညာလောကထဲမှာ ဘ၀ကလည်း digitized ဖြစ်နေပြီ။ စာရွက်တွေထက် Office Word ကိုပဲ အသုံးများလာပြီး၊ စာအုပ်တွေထက် PDF တွေပဲ စုမိလာပြီး၊ စာအုပ်ဆိုင်တွေထက် CD ဆိုင်တွေ service center တွေပဲ မရောက်အပေါက် များလာတဲ့ သည်နှစ်ပိုင်းတွေမှာ အခုတော့ inbox ထဲ တန်းစီဝင်နေတဲ့ mail တွေကိုကြည့်ပြီး တရွရွဖြစ်နေတဲ့ လက်တွေက ဘောပင်မှ မကိုင်တော့ရင် ဘာအလုပ်မှ မဖြစ်တော့မယ့် အတိုင်းပါပဲ။

သည်နေ့မှ network notification မှာ အ၀ါရောင် exclamation mark က ဆက်တိုက်ဆိုသလို ကျနေတယ်။ mail ပွင့်သွားတာနဲ့ တွေ့လိုက်ရတဲ့ attached file တွေကို ကြည့်ပြီး တစ်ချက်တော့ ပြုံးလိုက်မိသေးတယ်။ တကယ်တမ်း အဲ့ဒီ file တွေကို download လုပ်ပြီး ဖွင့်ကြည့်တဲ့ အချိန်မှာတော့ လူက တော်တော်ကို ကြောင်ငမ်းငမ်းဖြစ်သွာတယ်။

print screen ဖမ်းထားတဲ့ပုံတွေ၊ highlight တွေ၊ notes တွေ... ဘုရား ဘုရား... ကိုယ့်ကိုကိုယ် တစ်ကိုယ်ကောင်းဆန်လိုက်တာ ဆိုတဲ့ အတွေးတစ်ခုက ရင်ဘတ်ကို တဒိန်းဒိန်း ခုန်စေတယ်။

သည်လို အနေအထားမျိုးကတော့ အကောင်းဆုံးလက်ဆောင် ဆိုတဲ့ ဂုဏ်ပြုမှု အတွက် လုံးဝ မထိုက်တန်တာ သေချာတယ်။

internet ဆိုတာ အခုလို လက်ပေါ်တင်ဖွင့်နိုင်ဖို့ မပြောနဲ့ IT ကျောင်းက Lab တွေမှာတောင် ဆွမ်းတော်တင်သလို ကလပ်ပေါ်တင် ဦးချနေရတဲ့ အချိန်တွေတုန်းက စာတိုက်ကြီးတွေကို အားကိုးပြီး မိတ်ဆွေတွေရှာခဲ့ပြီး အပြန်အလှန်ဆက်သွယ်ခဲ့ရတယ်။

အဲ့ဒီတုန်းက စာဖတ်ဝါသနာ ပါတာချင်းတူ၊ စာရေးချင်တာချင်းတူ၊ လှလှပပမ၀တ်စားတတ်တာချင်းတူ၊ စာကြည့်တိုက်တွေ စိတ်ဝင်စားတာချင်းတူတဲ့ တကယ်ကို စကားပြောလို့ကောင်းတဲ့ သူငယ်ချင်းတစ်ယောက် ရခဲ့တယ်။

မြန်မာပြည်ရဲ့ ထက်ဝက်ချိုး နီးပါးလောက်ဝေးတဲ့ မြို့တွေမှာဆိုတော့ စာတစ်စောင်နဲ့ တစ်စောင်ကြားမှာ ဝေမျှစရာ အတွေ့အကြုံတွေ၊ ဆွေးနွေးစရာ စာအုပ်တွေ၊ ရင်ဖွင့်စရာ ခံစားချက်တွေ၊ တိုင်ပင်စရာ အိပ်မက်တွေ၊ ဖလှယ်စရာ ကဗျာတွေ ဆိုတာ တစ်ပတ်စာ အိမ်စာတွေလို အမြဲလုပ်နေကျပေါ့... ကျောင်းပြီးသွားတဲ့ အချိန်တွေမှာ အကြောင်းကြောင်းတွေကြောင့် အဆက်အသွယ်တွေပြတ်သွားတော့ အဲ့ဒီ အလုပ်တွေကို ဘယ်သူနဲ့ လုပ်ရမှန်းမသိပဲ တကယ်ကိုပဲ နေရခက်စွာနဲ့ စိတ်ထဲကပဲ ဆုတောင်းမေတ္တာတွေ ပို့သပေးနေမိပါတယ်။

နောက်နှစ်တွေ ကြာလာပြီးတော့ online မှာ friend add ထားတဲ့ profile ကိုဖတ်ရင်း မယုံမရဲ ဖြစ်နေခဲ့တယ်။ နာမည်မတူပေမယ့် ဆရာကြီးမြသန်းတင့် ဆုံးတဲ့ ရက်မှာမွေးတဲ့၊ အသက်နှစ်နှစ်ကြီးတဲ့၊ ကွန်ပျူတာကောလိပ်နဲ့ စီးပွားရေး တက္ကသိုလ် မှာ ကျောင်းတက်ခဲ့ပြီး Never surrender ဆိုတဲ့ quote ကို လက်ဆွဲကိုင်တဲ့၊ စာရေးစာဖတ် ၀ါသနာပါတဲ့ မိန်းကလေး မုံရွာမြို့မှာ ဘယ်နှယောက် ရှိမှာလဲ...

တကယ်ကို တန်ဖိုးရှိလှတဲ့ ဆက်ဆံရေးရဲ့ ပြန်ဆုံတွေ့မှုက အဖိုးထိုက်တန်လှပါတယ်။ enter တွေခေါက်ပြီး စကားတွေ ပြောခဲ့ကြတယ်။ Mark Zuckerberg ရဲ့ ကျေးဇူးကြီးမားလှပါတယ်။

နောက်တော့ တွေ့ဖို့ အခွင့် အရေးက ဖြစ်လာတယ်။ မိသားစု နဲ့ပါ တွေ့ရပေမယ့် အကန့်အသတ်ဖြစ်နေတဲ့ အချိန်တွေက နေရာ အချို့ အတူသွားခွင့်နဲ့ ထမင်းလက်ဆုံ တစ်ခေါက်စားခွင့်ကိုပဲ ရစေတယ်။ ဘယ်တုန်းက အဆက်အသွယ်ပြတ်သွားပါတယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ကိုယ့်ကိုကိုယ် တကယ်ပဲ စက်စုပ်မိပါတယ်။ သူစိတ်ဓါတ်တွေကျပြီး အသည်းအသန် ကျော်လွှားခဲ့ရတဲ့ အချိန်တွေတုန်းက သူ့မေမေ က စာပို့ပေးပါတယ်တဲ့။ မိတ်ဆွေတစ်ယောက်ရဲ့ တစ်ဆင့်စကားက လွဲပြီး အဲ့ဒီစာကိုလည်း မဖတ်ရ၊ မကြားသိရတဲ့ အကြောင်း ငြင်းဆန်ရတာ အားနာစရာကောင်းလှပြီး ယုံနိုင်စရာ မရှိလို့ ရှက်စရာလည်းကောင်းလှပါတယ်။ ကိုယ်ဟာ တကယ်ပဲ တာဝန်မကျေပွန် ခဲ့တဲ့ သူငယ်ချင်းပါ...

အဲ့ဒီလို မကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ သူငယ်ချင်းကို သူ့ဘက်က ဘယ်လိုမှ သဘောမထားပဲ ရင်ဖွင့်စကား ပြောလာတာတောင် တကယ်ပဲ အရုပ်ဆိုးဆိုး တုံ့ပြန်မိပါတယ်။ အဲ့ဒီညက ဖုန်းဝင်လာတော့ ၈ နာရီကျော်ပဲ ရှိပါသေးတယ်။သူက လပြည့်နေ့မို့ ဥပုသ် ယူထားပေမယ့် သည်ဘက်ကတော့ မရောင်ရာဆီလူး ပြဿနာလေးကို ရန်ဖြစ်ကြေကွဲထားရလို့ အိပ်ရာထဲ ပက်လက်ဖြစ်နေခဲ့တယ်။ ဖုန်းဆက်ဖြစ်တာ နည်းမှန်းသိလျက်၊ အဆင်မပြေ ဖြစ်နေတာသိလျက် လေသံလေးနဲ့တောင် နှစ်သိမ့် မပေးနိုင်ခဲ့လို့ စိတ်ထဲက အကြိမ်ကြိမ်ပဲ တောင်းပန်မိပါတယ်။

မပြတ်လပ်တဲ့ လမ်းညွှန်မှု အကြံပေးမှုတွေ အပြင်... ရေးထားသမျှ စာလေးတွေ post တင်ချင်လို့ layout တွေ gadget တွေ အတွက် အကူအညီတောင်းတော့ လုပ်ပေးရမလားလို့ တောင် မေးတဲ့ သူ့အပေါ် (မလုပ်ပေးဖို့ ငြင်းဆိုခဲ့ပေမယ့်၊ ကိုယ်ကလည်း လိုချင်တာကို ချက်ချင်းရမှ ကျေနပ်တဲ့ ပေါပေါပဲပဲ သဘောထားနဲ့ လူဆိုတော့) အားသလား မအားသလားမသိ၊ message တွေ တစ်ဒေါက်ဒေါက် ပို့လို့ ဖြစ်ချင်တာတွေ ဆက်တိုက်ပြောလိုက်တာ mail ထဲ အဖြေတွေ ပို့ပေးလိုက်တယ်။

အဲ့ဒီ mail တွေ က စွမ်းအားကြီးပါတယ်...
စာအုပ်ကို ဖွင့်စေတယ်၊
ဘောပင်ကို ကိုင်စေတယ်၊
သည်စာကို ရေးဖြစ်စေတယ်။



14th February, 2013

2 comments:

Yoemyaykya said...

နောက်လဲ မမတို့အမြဲအဆက်အသွယ်ရှိမှာပါ။ ညီမလေးကို မမက မမရဲ့ အမြွှာညီမတစ်ယောက်လို သဘောထားခဲ့တာပါ။

Phyu Lwin said...

ညီမလေး စာရေးကောင်းတယ် နောက်လဲ ဆက်ကြိုးစားနော်. အားပေးနေပါမယ်.. အစ်မ ဘလော့ဂ်မှာလဲ လင့်ခ်ချိတ်ပေးထားမယ်.။

Post a Comment

About me

mypersonalspace
View my complete profile

Comment