ခြေရာကောက် လမ်းလျှောက်ခြင်း

May 6, 2013

  
အမေနဲ့အတူသွားခဲ့တာ 

ဆရာတော်ကျောင်းကိုသွားတုန်းက

တဝမ်ချောင်းကိုဖြတ်တုန်းက

ရိုးရာအက 


နန်းယွန်းချောင်း

ပွဲမုခ်ဦး

တံခွန်တိုင်

ထူပြီးသွားပြီ

အသက်အကြီးဆုံးအဘွား

သစ်လုံးစည်ကိုထုပြီး သီချင်းဆိုနေတဲ့ နာဂအမျိုးသားများ

အဘိုးအိမ်ရှေ့ ဆွေမျိုးများနဲ့ အမှတ်တရ

နှစ်သစ်ကူးနေ့

ဓာတ်ပုံဆရာမဟုတ်တော့ ပွဲခင်းထဲမဝင်ခဲ့ရဘူး

အားကစားပွဲတွေလည်း လုပ်ပါတယ်

မီးပုံပွဲ

တောင်ပေါ်မြို့လေး

ပွဲတက်ကြတော့မယ်

သည်မြို့လေးပေါ် မှာဆပ်စရာ အကြွေးတွေရှိတယ်

ဒါကတော့ ရှင်ဗွေယန်မှာပါ အဖေစခန်းချခဲ့ဖူးတယ် ဆိုတဲ့နေရာလေးမို့ရိုက်ခဲ့တာပါ  

တံတားပေါ်ကရိုက်ထားတာပါ

အဘိုးနဲ့ အဘွားပါ

လှလိုက်တဲ့မြင်ကွင်း

တံတားပေါ်မှာ


ခရီးထွက်ရမယ်တဲ့။
တစ်နှစ်လုံး မြို့တွင်းအောင်းနေရလို့ စိတ်တွေပုပ်သိုးနေတာလည်းကြာပြီ။
သည်မြို့လေးကို ရောက်ဖူးချင်ခဲ့တာလည်းကြာပြီ။
သည်ပွဲတော်ကို ကြုံဆုံဖူးချင်ခဲ့တာလည်းကြာပြီ။
သည်ခရီးကို သွားမယ်လို့ ပြောနေခဲ့တာလည်း ကြာပါပြီ။

သည်နေရာ၊ သည်ဒေသ၊ သည်လူမျိုး၊ သည်ပွဲတော်နဲ့ သည်တစ်သက်မှာနည်းဆုံးတစ်ကြိမ်တော့ ထိတွေ့ခံစားဖူးရမယ်လို့ စိတ်ပိုင်းဖြတ်ထားပေမယ့် အရင့်အရင် အချိန်တွေတုန်းကလိုပဲ ဆန္ဒတစ်ခုသာ ရောက်ရှိနိုင်ပြီး ပျက်ပြယ်သွားမယ့် ခရီးမျိုးလို့ ထင်ထားခဲ့လို့ တကယ်ကို အစစ်အမှန်သွားရမှာမို့ ဆေး၊ ပစ္စည်းတွေ ဝယ်တဲ့အချိန် ကားလက်မှတ်ဖြတ်တဲ့အချိန် ခရီးဆောင်အိတ် ပြင်ဆင်ပြီးတဲ့အထိတကယ်သွားရမှာ၊ တကယ်သွားရမှာလို့အကြိမ်တစ်ရာမက ရေရွတ်ရင်း အဝေးပြေးကားပေါ် ရောက်တဲ့ အချိန်ထိ မယုံနိုင်အောင် အံ့သြနေခဲ့ပါတယ်။

သည်မြို့ကို သည်လိုသာ ခရီးထွက်ရမယ်ဆိုရင် အဲ့ဒီ ခရီးဟာ ဘဝတစ်သက်တာမှာ မမေ့နိုင်စရာအကောင်းဆုံး ခရီးဖြစ်မယ်ဆိုတာ ဟိုးအရင်ကတည်းက ကြိုတင်ခန့်မှန်းမိပေမယ့် တကယ့်အထိအတွေ့က ပိုပြီး ညက်ညောညင်သာပါတယ်။ ဘယ်မြင်ကွင်းကိုမှ လက်လွတ်မခံနိုင်ပဲ ဘယ်လေညင်းကိုမှ အဖြတ်ကျော်မခံနိုင်ပဲ မိမိရရကို မြင်တွေ့ခံစားမိချင်တဲ့စိတ်က နှလုံးသားကို တင်းတင်းကျပ်ကျပ်သိမ်းပိုက်ထားပါတယ်။

 

မွေးရပ်မြေဆိုတာအပြင် နာကျင်ခြင်းနဲ့ မျက်ရည်တွေအပြင် ဘာမှပိုမသိတဲ့ မြို့မှာတစ်ညအိပ်ရပြီး၊ ကံဆိုးမိုးမှောင်ကျခြင်း သည်ထက်ပိုပြီးဆိုရင် ဘဝငါးခုနဲ့ မိသားစုလေးတစ်ခုကို ရက်ရက်စက်စက် ချိုးဖျက်ပြတ်တောက် ကျန်ရစ်စေတဲ့ဆိုးဝါးတဲ့ သတင်းကို ပို့ဆောင်ပေးခဲ့တဲ့ မြို့မှာတစ်ညအိပ်ရပါတယ်။

အရာရာဟာ ကြာခဲ့ပါပြီ။ ဟောင်းနွမ်းနေတဲ့ ပုံရိပ်ပဲဖြစ်ဖြစ်၊ ဖွင့်မကြည့်သင့်တော့တဲ့ အတိတ်ပဲဖြစ်ဖြစ် ၃၆၅ ပေါင်း ရှစ်ကြိမ်တိုင်တိုင် ဖြတ်သန်းခဲ့ပြီးလို့ မှုန်မွှားလှပါပြီလို့ ဘယ်သူတွေက ဘယ်လိုပြောကြပါစေ ရောက်ရာအရပ်မှာ သည်မိသားစုသာလျှင် လူမှုဘဝအဖြစ် ကျားကုတ်ကျားခဲ ဖြတ်ခဲ့ရတဲ့ အတိတ်ကနေ့ရပ်တွေကို ပြန်စဉ်းစားရင်း ကိုယ်ခန္ဓာထဲက သွေးစီးသံတွေကကြာလျှင်မေ့ဆိုတဲ့ စကားကို ရာနှုန်းပြည့် တော်လှန်ခဲ့ပါတယ်။

နောက်ထပ် (၃၄) မိုင်မှာ ရောက်မယ့် တောင်တက်ခရီးကို စတင်ထွက်ခွာခဲ့တဲ့ ညနေ လေးနာရီမှာ နေကလည်း တဖြည်းဖြည်းညိုလာခဲ့တယ်၊ တောင်တွေလည်းတဖြည်းဖြည်း မတ်လာခဲ့တယ်၊ တနိုင်းခနဲ့လည်း တဖြည်းဖြည်း ဝေးလာခဲ့တယ်၊ တောရိပ်တွေကလည်း တဖြည်းဖြည်း မြင့်မားလာခဲ့တယ်၊ ကြယ်တွေလည်း တဖြည်းဖြည်း ကြီးလာခဲ့တယ်၊ တံတားတွေလည်း တဖြည်းဖြည်း များလာခဲ့တယ်၊ ညအမှောင်က တဖြည်းဖြည်း ကြီးစိုးလာပြီးတော့ လေထုကတော့ တဖြည်းဖြည်း အေးစက်လာခဲ့ပေမယ့် ရင်ဘက်တစ်ခုလုံးကတော့ နွေးနွေးထွေးထွေး လှုပ်ခတ်နေတယ်။

အံ့သြစရာကောင်းတယ်လို့ မထင်ဘူးလား၊ လွန်ခဲ့သော ရှစ်နှစ်ရှစ်နှစ်ရဲ့ အရှေ့ပိုင်းကာလတချို့က အဖေလျှောက်ခဲ့တဲ့ လမ်းအတိုင်း အဖေ့သမီးတစ်ယောက်လျှောက်လာခဲ့မိတာ၊ ဘယ်တုန်းကမှ သည်လိုခက်ခက်ခဲခဲနဲ့ ရောက်ခဲ့ရမယ်လို့ မထင်မှတ်ထားခဲ့ရာကနေ အသက် ၂၃ နှစ်မှာတော့ တကယ်ကို ရောက်ရှိလာပါပြီ။

ငါးခေါင်းဟင်းရည်ကို ချီးကျူးနေမယ့်အသံ၊ ကြွယ်ဝတဲ့ချောင်းတွေအကြောင်း ပြောပြနေမယ့်အသံ၊ ကားရပ်နားတဲ့အခါ ခေါင်းနဲ့ ခါးကို ဘယ်ညာ လှည့်ချိုး အညောင်းဆန့်နေမယ့်ပုံစံ၊ ကားပြတင်းဘေးက လက်ကိုင်ကွင်းကို ဆွဲပြီးလိုက်ပါလာမယ့်ပုံစံ၊ ဘောင်းဘီအိပ်ကပ်ထဲက ချွေးသုတ်ပုဝါကို ထုတ်ပြီး မျက်နှာနဲ့ ဂုတ်ပိုးဆီ ပွတ်သပ်နေမယ့်ပုံစံသည်မြေဟာ အဖေ့ရဲ့ အသက်ရှုသံပေါင်းများစွာ အပြင် အဖေ့ရဲ့ ချွေးစက်တွေနဲ့ သက်ပြင်းရှိုက်သံတွေပါ စိမ့်ဝင်နေမယ်ဆိုတဲ့အသိနဲ့ ကြက်သီးမွှေးညင်းထလောက်အောင် ပတ်ဝန်းကျင် အစအဆုံးက ညှို့ယူဖမ်းစားထားပါတယ်။

သည်ခရီးကို တဖြည်းဖြည်း တိုးဝင်လာလေလေ အဖေ့ဆီရောက်ဖို့နီးလာလေလေလို့ ခံစားရတာဟာ သည်အတိုင်း သာမန်သားသမီးတစ်ယောက်ရဲ့ ကိုယ့်ဖခင်အပေါ် ထားတဲ့ အဆွဲအလမ်းတစ်မျိုးပဲလားတော့ သေချာ မပြောတတ်ပေမယ့်ကြိုဆိုပါ၏ဆိုင်းဘုတ်ကို မြင်လိုက်ရတာဟာ ဟိုးငယ်ငယ်တုန်းက အိမ်ရှေ့က ဟွန်းသံကြားလို့ အဖေ့ကိုကြို အိတ်ကိုဆွဲဖို့ အပြေးသွားမှာမို့ ရောက်ရာနေရာကနေ ခေါင်းကိုဆတ်ခနဲ မိတာ.. အဲ့ဒီတုန်းက ရရှိခဲ့တဲ့ ပျော်ရွှင်မှုမျိုး ပထမဆုံးအကြိမ် ပြန်လည် ရရှိခဲ့တာပါပဲ။

မီးတွေထိန်နေတဲ့ မုခ်ဦး၊ ရေစီးသံကြားနေရတဲ့ချောင်း၊ ကမ်းတလျှောက်ရှိနေတဲ့ ထိုင်ခုံတွေနဲ့၊ တောင်ထန်းလက်တွေနဲ့ မိုး၊ ကာထားတဲ့ ရိုးရာတဲဒါဟာဘယ်တော့မှ မေ့မရနိုင်တော့မယ့် ပွဲတော်တစ်ခုရဲ့ မြင်ကွင်းပဲ၊ ကိုယ်ကိုယ်တိုင်ပါဝင်တဲ့ ကိုယ့်လူမျိုးရဲ့ ပွဲဆိုတဲ့အသိက ဇန်နဝါရီလဆန်းရက်တွေမှာ ကျင်းပနေကျဖြစ်တဲ့ ခမ်းနားစည်ကားလှတဲ့ ပြည်နယ်နေ့ ပွဲတော်မှာ ဧည့်သည်တစ်ယောက်ရဲ့ အလည်အပတ်ထက် မပိုခဲ့လို့ ဝမ်းနည်းခဲ့ရဖူးတာတွေကို လွင့်စင်သွားစေပါတယ်။

နံနက်နိုးလာတဲ့အချိန် တဲအပြင်ကိုထွက်တော့ ပတ်ပတ်လည်ကတောင်တွေမှာ ပိန်းပိတ်နေတဲ့နှင်းတွေနဲ့ မိုးစက်မိုးမွှားလေးတွေလို မျက်နှာကိုလာထိခတ်နေတဲ့ နှင်းမှုန်လေးတွေက သည်တစ်သက်မှာ တစ်ကြိမ်သာရောက်ရှိခဲ့ဖူးပြီး ပထမဆုံးအကြိမ်မြင်ဖူးတဲ့ မြို့ရဲ့မြင်ကွင်းလို့ ပြောရခက်အောင်ကို ရင်းရင်းနှီးနှီး ခံစားနေရပါတယ်။ အိပ်ရာရဲ့ နေသားမကျခြင်း၊ ခရီးရဲ့ ပင်ပန်းခြင်းတွေ ဘာမှမခံစားရပဲ အဲ့ဒီမြို့လေးဟာ နည်းနည်းမှ သူစိမ်းဆန်မနေခဲ့ပါဘူး။

သည်လူမျိုး၊ သည်အလှတရားဟာ အဖေအမြဲ ဂုဏ်ယူခဲ့တဲ့အရာတွေ၊ သည်မြို့ သည်မြင်ကွင်းတွေဟာ အဖေအရမ်းချစ်တဲ့အရာတွေ၊ သည်တောသည်တောင်တွေဟာ အဖေ့ရဲ့ အရိပ်တွေပဲ၊ သည်ကလူတွေရဲ့ အပြုံးဟာ အဖေ့ရဲ့ အပြုံးပဲ။ ကိုယ့်ဒေသ ကိုယ့်လူမျိုးတွေရဲ့ အဝေးမှာ မတူခြားနားတဲ့ ပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ရတာတောင် ကိုယ့်ဘာသာစကားကို မမေ့လျော့တဲ့၊ ကိုယ်အမူအရာနှုတ်အမူအရာ မပြောင်းလဲတဲ့ အဖေဟာ သည်လိုနံနက်ခင်းမျိုးတွေမှာ ဘယ်လိုအတွေးမျိုးတွေနဲ့ နိုးထလာမယ်ဆိုတာ မစဉ်းစားနိုင်ပေမယ့် ဘဝတစ်ခုရဲ့ ကျေနပ်နှစ်သိမ့် ခြင်းတွေကို ပေးနိုင်တဲ့ အဖေ့မြို့ကလေးက အခုလိုပဲ အဖေ့အမောတွေကို ပြေစေခဲ့သလား

မိုင် ၂၀၀ နီးပါး အဝေးမှာ ကျန်ခဲ့တဲ့ အိမ်မှာ အိပ်ရာထ မျက်လုံးကို ဖွင့်တာနဲ့ ခြေရင်းပြတင်းပေါက် ကနေမြင်ရတဲ့ ဒညင်းပင်ကြီးဟာ ရာသီအလိုက်တိုက်ခတ်တဲ့လေနဲ့ ယိမ်းနွဲ့နေကျပေမယ့် အဲ့ဒီမြင်ကွင်းဟာ ဘယ်တော့မှ အသားမကျနိုင်တဲ့ အထီးကျန်ခြင်း၊ ထိတ်လန့်ခြင်းတွေပါ။ ကစဥ့်ကလျား ဖြတ်သန်းနေရတဲ့ ရက် နှစ် တွေများလာတာနဲ့ အမျှ ထူထပ်လာတဲ့အနာတရတွေကို အံတုရင်း ကံကြမ္မာဆိုသောအရာက သယ်ဆောင်လာတဲ့ အဆိုးဝါးဆုံးရိုက်ချက်တွေကိုသာ ခံနေရလို့ ကိုယ့်ရှေ့က မှန်ထဲမှာ ပေါ်နေတဲ့ ကိုယ့်ပုံရိပ်ကိုကိုယ် ဝေဖန်သုံးသပ်ရင်း သံသယပေါင်းများစွာနဲ့ ယုံကြည်ချက်ဆိုတာ ဘာမှန်းမသိတော့အောင် ခွန်အားမဲ့ခဲ့ဖူးလို့ အဖေမရှိတဲ့အိမ်ဟာ အဲ့ဒီလို ခြောက်အိပ်မက်တွေနဲ့ ပြည့်နေတာပါ။

တစ်ခါမှ မကြားခဲ့ဖူးတဲ့ အဘိုးရဲ့စကားသံ၊ အဘွားတည်ခင်းတဲ့ ခေါင်ရည်ဦးရည်၊ အိမ်ရှေ့ခန်းက မီးဖိုမှာ မီးလှုံရတဲ့ အဲ့ဒီတဒင်္ဂလေးဟာ ဘဝအတွက်ပြီးပြည့်စုံတဲ့ ကာလလေးပါပဲ၊ အဲ့ဒီကာလလေးဟာ ဘယ်လောက်ရှည်ကြာမလဲ ဝမ်းနည်းဖို့ မဟုတ်ပဲ နောင် ကိုယ်၏ပင်ပန်းခြင်း စိတ်၏ နွမ်းနယ်ခြင်းနွံထဲ နစ်တဲ့အခါတိုင်းမှာ ပြန်မြင်ယောင်ပြီး ဖြေသိမ့်နိုင်ဖို့၊ နောက်တစ်ခေါက်ထပ် အရောက်လာဖို့ စိတ်ကူးဖို့ပြည့်စုံ လုံလောက်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်တဲ့ အချိန်ကာလလေးပါပဲ။

ညနေပိုင်းမှာတော့ စင်ပေါ်ကနေ ညှိလိုက်တဲ့ မီးကွင်းဟာ ကြိုးတစ်လျှောက်နိမ့်ဆင်းလာပြီး ကွင်းအလည်မှာ စုပုံထားတဲ့ ထင်းပုံကြီးကို ထိသွားတဲ့အချိန်
ကျန်းမာ ချမ်းသာပါစေ၊ ရွှင်လန်းချမ်းမြေ့ပါစေလို့ အဓိပ္ပါယ်ရတဲ့ ဆုတောင်းသံတွေ ညံသွားတဲ့အချိန်မှာတော့ တစ်ဟုန်ညီးညီး လင်းနေတဲ့မီးပုံကြီးကို ကြည့်ပြီးအဖေဆိုတဲ့ စက္ကန့်မလပ် တမ်းတခဲ့တဲ့ စိတ်ကူးပုံရိပ်တွေနဲ့ ပတ်ချာလည်မောပန်းရင်း ရူးသွပ်စေလောက်တဲ့ လွမ်းဆွတ်မှုတွေနဲ့ အသိစိတ်တစ်ခုလုံး အလိုလို နွမ်းနယ် မင်သက်နေခဲ့ပါတယ်။

ညီအစ်ကိုတွေလိုဆိုတဲ့ဒကာကြီးဆိုတဲ့ ဆရာတော်ရဲ့ ရည်ညွှန်းသံ၊ ကြေးခရားလေးကနေ တစ်စက်စက်ကျလာတဲ့ ရေတွေရဲ့ အသံကြာခဲ့ပါပြီလို့ ထင်ရပေမယ့် သတိရခြင်းလွမ်းဆွတ်ခြင်းတွေဟာ အချိန်ကာလမပိုင်းခြားနိုင်တာမို့ အရာရာဟာ တစ်ချိန်က ခံစားချက်အတိုင်းရှိဆဲ၊ မိသားစုတစ်ခုလုံးကို နွေးထွေးလုံခြုံစေခဲ့တဲ့ အဖေ့အတွက် ကျေးဇူးဆပ်ခွင့်ဟာ သည်လောက်ပဲလားဆိုပြီး ကိုယ့်ကိုယ်ကို ယူကျုံးမရဆဲ၊ စည်းစိမ် ဥစ္စာ ဓန တို့ရဲ့စိန်ခေါ် ဖြားယောင်းမှုတွေကို နည်းနည်းမှ ချွတ်ချော်တိမ်းစောင်းသွားခြင်းမရှိပဲ ဖြောင့်မတ်တည်ကြည်မှန်ကန်စွာ နေထိုင်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ခံစားရတဲ့ ဇာတ်တွေဟာ သည်လိုပဲလားဆိုတဲ့ ဖြစ်သမျှ ပျက်သမျှကရတဲ့ ဒဏ်ရာ ဒဏ်ချက်တွေက တဖျင်းဖျင်း တငွေ့ငွေ့ နာကျင်နေဆဲ

ဘာသာတရားရဲ့ အဆုံးအမနဲ့ မကိုက်ညီဘူးဆိုရင်တောင် အခုအချိန်ထိ မိသားစုအပေါ်မှာ ပေါင်းမိုးပေးထားဆဲ အဖေ့ကို အုတ်တွေစီထပ်ထားတဲ့ အင်္ဂတေတွေကာလျက်ပဲဖြစ်စေ ကြည့်မြင်ချင်ဆဲပါအဖေ
သင့်နာမည်နဲ့ ဖော်ပြခံရတဲ့ သင်ဂုဏ်ယူတဲ့ စာမူတစ်ခုအကြောင်း ဖော်ပြပါဆိုတဲ့ အက်ဆေးတိုလေးမှာ 2004 May ထုတ် Light ရဲ့ ဘာသာပြန် အခင်းအကျင်း မှာ () ယောက်မြောက် ဖော်ပြခံရတဲ့ စာမူပါလို့ ရေးခဲ့ဖူးပါတယ်

အချစ်ဆုံးဖေဖေ

ဖေဖေ့မှာ သည်လိုအဖြစ်မျိုးဖြစ်မယ်လို့
ကျွန်တော်တစ်ခါမှ မတွေးမိပါဘူး
ကျွန်တော် အမြဲတမ်းရိုသေ လေးစားရတဲ့
မှန်ကန်တဲ့ ချစ်သောဖေဖေ..
ကျွန်တော်မှားရင် ပြုပြင်ပေးခဲ့တယ်နော်။
အခုတော့ ကျွန်တော်
သေခြင်းအတွက် သီချင်း
အမှန်တရားအတွက် သီချင်း
ချစ်ခြင်းအတွက် သီချင်း
ဖေဖေ့အတွက် သီချင်း
အဲ့ဒီသီချင်းတွေ ဟစ်ကြွေးနေရုံပဲပေါ့။
ကျွန်တော် ဖေဖေ့ကို အရမ်းချစ်တယ် ဖေဖေ၊
အဲ့ဒါ ကျွန်တော် ပြောနိုင်တာပဲ..
ဖေဖေဟာ ကျွန်တော့် ဖေဖေပါ၊
ပြီးတော့ဖေဖေအမြဲတမ်း ရှိနေမှာပါ။
ကျွန်တော့် နှလုံးသားထဲမှာ
ဘယ်တော့မှ မထွက်ခွာခြင်းနဲ့ နေပါဖေဖေ။


23th January, 2010 (9:00 PM)

3 comments:

Yoemyaykya said...

ကွန်မကောင်းလို့ ဒီနေ့မှပဲလာမန့်ရတော့တယ်။ ဟိုရက်ကဖုန်းနဲ့ ဖတ်ပြီးသားလေ။ အဲဒီနေရာအဲဒီဒေသကို ရောက်ဖူးချင်ပါရဲ့။ နန်းယွန်းမြို့က ချင်းပြည်နယ်မှာရှိတာလား။ ကချင်ပြည်နယ်လား

Unknown said...

ဝိုးးးးးးးးးးးးးး အင်တာနက်ကနေ နန်းယွန်းမြို့ကိုရောက်ဖူးသွားပြီး)

KoTOE said...

ရင်မိုထိရှသော Essayလေးတပုဒ်

Post a Comment

About me

mypersonalspace
View my complete profile

Comment