(၁)
ကိုယ်ဆိုတဲ့ သုညက ကွေ့တွေဘယ်လောက်ပြောင်းပြောင်း နစ်မလို မြုပ်မလို ဖြစ်ခဲ့ရင်တောင် လှော်တက်ကို မပြောင်းတဲ့သူ...
ကိုယ်ယုံကြည်တဲ့ အမှန်တရား နှလုံးသားမှာ ကိန်းအောင်းကြောင်း သက်သေသက်ကာရ ထူထောင်ဖို့ အူမတွေ သီလတွေ ချိန်ကိုက်မနေတဲ့သူ...
ကိုယ်တိုင်တည်ထားတဲ့ သစ္စာဆိုတာ ဘယ်အရပ်မျက်နှာရဲ့ ဘယ်အစက်အပြောက်ကနေ အနက်ကောက်ပါစေ တစ်လုံးတစ်ပါဒ ခြေချော်လက်ချော်မရှိပဲ စေ့စေ့ပေါက်ပေါက် တိကျတဲ့သူ...
ကိုယ်နားလည်ထားတဲ့ ဘဝဆိုတာ သည်နေ့ပြီးရင် မနက်ဖြန်တွေချည်းပဲ ဆိုပေမယ့် မနေ့ကကို ပြန်စဉ်းစားရင် နောင်တတရား တစ်စေ့တစ်ပေါက်လေးမှ အစွန်းမခံနိုင်တဲ့သူ...
ကိုယ်ပြောပြောနေတဲ့ တန်ဖိုးဆိုတာ ငွေစက္ကူ၊ ဒင်းဂါးပြား၊ cheque ၊ စာချုပ်စာတမ်း အားလုံးစုတ်ဖြဲ မီးလောင်တိုက်သွင်း သော့ခတ်ခဲ့ပြီးမှ ထင်ထင်ရှားရှား မြင်သာစေတဲ့သူ...
ကိုယ့်နှလုံးသားထဲက အချစ်ဆိုတဲ့အရာက တစ်ယောက်တွေ ပိတောက်တွေ နားမလည်ပေမယ့် အတိတ်တွေ အရိပ်တွေ ထိုးကော်တူးဆွမနေပဲ ဟိုး အရှေ့ကို တည့်တည့်မျက်နှာမူ လက်တွဲချင်းခိုင်ခိုင် မြဲမယ့်သူ...
ကိုယ်ပေါင်းဖက်ချင်တဲ့ ထာဝရဆိုတာက မင်းစွန့်ခွာသွားတဲ့ ညနေက သံသရာကိုမကြောက် အဖန်တွေဆက်ခဲ့တာတောင် ဗိုက်အောင့်သက်သာပါမယ်ဆိုတဲ့ ဆေးတွေ on ခံရပြီးနောက် နိုးထလာတဲ့ မနက်မှာ မင်းမျက်နှာမှ မမြင်ရရင် ထပ်တစ်ခေါက်ပြန် မြတ်စွာဘုရားရဲ့ အဆုံးအမကို တော်လှန် ငရဲတွင်းထဲပဲ ဝဲနေချင်တဲ့သူ...
(၂)
အဲ့ဒီလို အဲ့ဒီလို လူတစ်ယောက်ဟာ
မင်းဘဝမှာ ပါဝင်မှုရာနှုန်း နည်းပါစေဦးတော့
မင်းရဲ့ စိတ်အလိုကျမှု minus အောက် အဆပေါင်းများစွာ ရောက်နေပါစေဦးတော့
မင်းရဲ့ first priority နဲ့ အကြိမ်ကြိမ်လွဲနေပါစေဦးတော့
မင်းစောင့်စည်းမယ့် ကတိသစ္စာ ခဏခဏပဲ ဖောက်ခွဲခံရပါစေဦးတော့...
အဲ့ဒီလို အဲ့ဒီလို လူတစ်ယောက်ဟာ
မင်းဘဝအစီအစဉ်ကျလာဖို့ အနာဂတ်တွေ စတေး စောင့်ခဲ့ ဆိုင်းခဲ့တာ
မင်းဟာမင်းအတိုင်းဖြစ်ပြီး ကိုယ်ဟာကိုယ့်အတိုင်း မဖြစ်ရပေမယ့်
ဘာတွေနဲ့ ပုံအောနှိုင်းယှဉ်ယှဉ် ကိုယ်ရွေးချယ်မယ့် အမှန်ခြစ် မင်းအမည်နာမ ရှေ့တည့်တည့်မှာ ထားခဲ့တာ...
ကိုယ်ဆိုတဲ့ အဲ့ဒီလို လူတစ်ယောက်ဟာ
ရှေ့ကသွားလို့ နောက်ကလိုက်မညီတဲ့ အသွင်မတူ သဏ္ဍာန်မကျ
မလှမပ ရုပ်သွေးမကြွတဲ့ မင်းကို မဆွဲဆောင်နိုင်တဲ့ အရာတစ်ခုဆိုပေမယ့်
အထားအသိုမှန်ရင် မှန်သလောက် ကြေးကြီးကြီးရတတ်တယ်ဆိုတာ
မင်းကို နည်းနည်းလေး သတိချပ်စေချင်ပါတယ်။
29th April, 2013 (10:54 PM)
ဒီဇင်ဘာ မိုး
1 year ago


3 comments:
ကိုယ်ဆိုတဲ့ အဲ့ဒီလို လူတစ်ယောက်ဟာ
ရှေ့ကသွားလို့ နောက်ကလိုက်မညီတဲ့ အသွင်မတူ သဏ္ဍာန်မကျ
မလှမပ ရုပ်သွေးမကြွတဲ့ မင်းကို မဆွဲဆောင်နိုင်တဲ့ အရာတစ်ခု
ကဗျာကခံစားချက်တွေပေါ်လွင်နေတယ်
အဲဒါ ဘယ်သူကို ရည်ရွယ်တာလဲ။
စာသားတွေအရမ်းမိုက်တယ်။
တပည့်အဖြစ်လက်ခံပေးပါ
သုံးထားတာလေးတွေ
အရမ်းကိုခံစားလို့ရခဲ့တယ်
Post a Comment