ကံကြမ္မာပေးသော ချိန်းဆိုမှု

Feb 26, 2013

2 comments
စကားပြေတိုင်းရဲ့ သော့ချက်တွေမှာ
မြုပ်ကွက်ကို ထွင်းထုတ်မိတိုင်း
သူရောက်လာမလားလို့
ကျွန်တော်ထင်နေတယ်။
တကယ်တော့... သူက
စုတေရမှာ ကြောက်လို့
ဓာတ်ရိုက် ဓာတ်ဆင်တွေနဲ့ အပေးအယူတည်နေတဲ့
ချယ်ရီရောင် ပွင့်ဖတ် တစ်ချပ်။
သူပျော်တဲ့ အစိမ်းမရှိတဲ့
မြင့်မြင့်ကိုင်းကိုင်း ခန်းဆောင်မှာက
နူးညံ့တဲ့ အမွှေးပွ အတောင်တွေနဲ့
သူဘယ်တော့မှ မဆင်းသက်ချင်ခဲ့။
ကျွန်တော်ကတော့
ချိုချိုသာသာ မတီးမှုတ်တတ်
အသံကြောင်တတ်တဲ့
ရူးရူးရိုင်းရိုင်း လေတစ်ပွေ။


7th January, 2009

တစ်ကြော့ပြန်

1 comments
rehearsal တွေလည်း များလှတဲ့ဘဝ
လမ်းတွေဖောက်ထားသမျှကလည်း
နောက်ဆုံးတော့ အစကပြန်လျှောက်ရတာပဲ
နိဒါန်းကို ဘယ်လောက်နောကျေကျေ
`0´ ကို ကျကျ သွားတဲ့စံချိန် အတွက်တဲ့...
ကျက်ထားတဲ့ နိဂုံးတောင်ဝါးကုန်ပြီ။
 
20th March, 2005

အချိန်

0 comments
လက်ဖ၀ါးအစုံကို ဖြန့်လို့
ငါမျှော်နေတာ
ကြာလှပေါ့ ပန်းကလေး
လေပြည်ညင်းက
သည်နေ့မှ...
သိပ်နောက်ကျတယ်။


11th January, 2005

ချိန်ညှိစက်

0 comments
အရုဏ်ဦးက ပေါက်ပြဲနေမှတော့
နေ့အတွက် အစာအဟာရတွေနဲ့
ဖာထေးခဲ့ရတယ်လေ။
ကောင်းကင်မှိုင်းကို
ရေစစ်လို သဘောထားပြီး
ဆာလောင်နေတဲ့ နှလုံးသားရဲ့
ရိုက်ခတ်ကြိမ်နှုန်း တွေကို
စစ်ချပြီး သန့်စင်နေမိတယ်။

ဖြစ်ချင်တာတွေ အားလုံးဟာ
ဖြစ်သင့်တာတွေ ချည်းပဲလို့
ပြတ်သားရင်းနဲ့ပေါ့...

5th July, 2005

သံနှစ်ချောင်းထက်က အချစ်ဆုံးအတွက်

1 comments
လေးလေးလံလံ ခြေထောက်တွေနဲ့ ပေတစ်ရာလမ်းပေါ်မှာ ချိနဲ့နဲ့ ခွန်အားကိုပြု၊ အိပ်မှုန်စုန်မွှား နင်းချခဲ့ရတဲ့ ဘီးလည်သံ... အမှတ်သညာ မသေချာတဲ့ မှတ်ဥာဏ်နဲ့ လမ်းလည်ကျွန်းက အပင်တွေကို လက်တွေချိုး... ကုန်းဆင်းကို အရှိန်လျှော့ဖို့ မေ့ရင်း ဘ၀ဆိုတာ ဘာလဲ? မရိုးနိုင်တဲ့ရှေးအကျဆုံး ဒဿနကို အဖြေရှာ၊ ဟင့်အင်း လွဲနေပြီ၊ ဟုတ်တာပေါ့ အတက်ဆိုတာ အားမာန်ရှိမှ ဖြစ်မှာပေါ့။ ဘ၀ဆိုတာ သစ်တော်သီးဆိုရင်လည်း ကိုက်သာစားလိုက်ရုံပါပဲ။ ဖြစ်သမျှတွေ အကောင်းချည်းနဲ့လည်း မတင်းတိမ်နိုင်သမျှ၊ တတ်နိုင်သမျှလေးတော့ ဟိုး တောင်ကုန်းတွေထက်က စေတီကို ဦးခိုက် အနာသစ်တွေ ထပ်မဖြစ်ဖို့ ဆုတောင်းမယ်။

2nd August, 2005

ကျောက်ခေတ် မှနှုတ်ဆက်ခြင်း

1 comments
မနက်ဖြန်တွေ အကြောင်း
ချရေးရင်း
သည်နေ့မနက်ကတော့
အဆိပ်သင့်သွားခဲ့ပြီ...
မေတ္တာတရားကို
ငါသိချင်နေတယ်
တစ်နေရာရာမှာ ရှိတယ် ဆိုတာမျိုး
ငါစိတ်ချထားနိုင်ဖို့ပေါ့...
တချို့ဖွင့်မကြည့်သင့်တဲ့ အံဆွဲတွေ
ဆွဲဟလာရင်တော့
မီးထတောက် မှာပဲလေ...


11th August, 2005

အတက်

0 comments
ဂရုတစိုက် ပျံသန်းဖို့
ငါ့အတောင်တွေက
အကြားအမြင် မရခဲ့ဘူး...
ပင်လယ်မှ ဖြတ်ချင်တဲ့
ခရီးရှည်
အရောက် နောက်မကျဖို့
လောဘတကြီး ရှေ့ဆက်...
လေအဟုန်ကို တောင့်တလာတယ်။


13th August, 2005

စာမေးပွဲ

0 comments
အဲ့ဒီ ပေးဆပ်မှုတွေက
မျှော်မှန်းချက်အတွက်
မတန်မရာ နိုင်လွန်းတာကို
ဘယ်လိုတိကျစေမလဲ
စွမ်းအင်မတူတဲ့
နှလုံးသားတွေဆီက
ဆန္ဒနဲ့ ဆုတောင်းတွေကို
ပေတံတစ်ခုတည်းနဲ့
အဓိပ္ပယ် မကောက်ပါနဲ့လား...
ဟိုဘက် နံရံအပြင်မှာ
အဖြေတွေရှိပြီး
သွားပြန်ကြည့်နေဖို့ တရားမ၀င်တဲ့
ဖြေဆိုမှု တစ်ခုလို
ဦးနှောက်တွေ မရိုးမရွနဲ့
ကြောက်စရာ ကောင်းနေလို့ပါ...


14th September, 2005

About me

mypersonalspace
View my complete profile

Comment