December Page

Jan 10, 2014

2 comments

နေလုံးကြီး ရန်ကုန်မြစ်နောက် ဆုံးဆုံးမြုပ်သွားတော့
ကြွက်နှစ်ကောင်က ရေကူးကန်ထဲ ဆင်းသင့် မဆင်းသင့် တွက်တုန်း ချက်တုန်း
ရုံးဆင်းခဲ့တဲ့ ငှက်တွေက ၁၅ လမ်းနဲ့ ၁၁ လမ်းကြား လူးလားခေါက်တုံ့
ဦးချစ်ကြီးက အိပ်ရာခင်းနေလေရဲ့။
မယုံရင်တော့လည်း သင့်အခွင့်အရေး
ကျုပ်တို့က အမှန်အကန် ကြေးအိုးသောက်မယ့်သူတွေ။
တဒိန်းဒိန်းတုန်နေတဲ့ ခြေလှမ်းတွေနဲ့
လှေကားထိပ်က CCTV ကို လှမ်းပြုံးပြတော့
ခွေးလေးတစ်ကောင်က ပိတ်စတစ်ခုကို ကိုက်ယူစုတ်ဖြဲလို့
ကြောင်ကလေးတစ်ကောင်လို ပွတ်သပ်ချော့မြှူနေလိုက်တာ
အရာဝတ္ထုနှစ်ခုကို အခုမှ စတင်အသက်သွင်းလိုက်သလို။
အုံကြွမြူးထလို့ လှုပ်ခတ်တုန်ရီနေ
လေတံခွန်တစ်ခုရဲ့ မျောလွင့်မှုလို
တစ်စက္ကန့်ကို တစ်ကမ္ဘာလောက် ထင်ခဲ့ကြတယ်... တကယ်။
မူးမော်ထွေပြားမှုတွေနဲ့ ချွဲကျိကျိခုန်ပေါက်
ရုပ်သံဇာတ်လမ်းတွဲတွေလည်း အရှက်ရသွားခဲ့တယ်။
အဲ့ဒီအသီးကိုမှ ဘုရားသခင်က ဘာလို့တားမြစ်ရတာလဲ အချစ်ရယ်...
နောက်မနက်တော့ သေချာပါတယ်
တိုင်လုံးကြီးကြီးကို တိုင်မှာရစ်ခွေကစားကြမယ်
သပ်ရပ်တိုတိတဲ့ လက်ဖျားထိပ်တွေ ထိခတ်ပြီးတော့
ကြေးမုံမျက်နှာပြင်က အငွေ့တွေ ထင်ဟပ် မွဲထသွားခဲ့တယ်။
သစ္စာတရားကို ကိုယ်တိုင်သတ်ပုံပေါင်းထားမှတော့
ချည်နှောင်ထားတာ မဟုတ်ပါဘူး။
တစ်ခန်းရပ်လို့ လူးလဲထတော့
အလွမ်းက ပုတ်အဲ့နေတဲ့ အိပ်မက်တစ်ပုဒ်ပဲ
ခြားနားထားလိုက်တာ ကုန်းတစ်တန် ရေတစ်တန်။
ဒီတစ်ခြမ်းပဲ့ လကြီး မြန်မြန် သက်တမ်းစေ့ပါစေတာ့ဆိုတာ
နေရာတကာမှာ မျက်ရည်တဝဲဝဲ နှလုံးတစ်ဆို့ဆို့
ရွတ်ဆိုမိတဲ့ ဂါထာ...


Jan 9, 2014 (3:20 PM)

အနီစက်စက် အရည်ရွှန်းလဲ့ နှလုံးသားသို့

Sep 18, 2013

3 comments


ရုတ်တရတ်မှာ အာမေဋိတ်နေတုန်း
သံရှည်ဆွဲနေတုန်း
ပဲ့တင်သံဖြစ်နေတုန်း
လမ်းမှာလည်းပြေးနေတုန်း
ခရီးကလည်း ဝေးနေတုန်း

6th February, 2007 (9:33 AM)

ဟောစာတမ်း

Aug 16, 2013

2 comments



လေးလံပိကျနေတဲ့ သားမွေးကုတ်ကို ငါအခုပဲချွတ်ချလိုက်ပြီ
အဲ့ဒီအစား လတ်ဆတ်ချိုမြတဲ့ သစ်ကြားသီးတစ်လုံးနဲ့ ငါ့ကိုယ်ငါ ပေါင်းတင်လိုက်တယ်
ငါဟာ ခဏနေပဲ စံချိန်တင်တော့မယ့် ဝါးတစ်ပင်မို့
ဖြောင့်ဖြောင့်မတ်မတ် ရိုရိုကျိုးကျိုးနဲ့ တာလမ်းပေါ်ပြေးထွက်တော့မယ်
ငါ့လက်တွေပေါ်စိုက်ပေးထားတဲ့ မြေဆီသြဇာတွေကလည်း
နံစော် ပူလောင် ပုပ်ပွနေခဲ့တာမို့ ငါ့ကိုယ်တွင်းခေါင်းရဲ့ အတွင်းနက်နက်ထိ
ဖိသိပ်ဖျစ်ညှစ်နေခဲ့တာ အကြိမ်ကြိမ်၊
အခုချိန်မှာတော့ ငါ့ခြေအစုံတွေက တစ်နစ်ဖိနပ်တွေထက် ပေါ့ပါးနေတာမို့
သီချင်းလေးတစ်ပုဒ်လောက် လေချွန်ပြချင်တယ်
ကျေးဇူးတင်ပါတယ်လို့၊
ဟိုးမြေပြင်မှာ စထွက်ခုံ အစွန်းနဲ့ ခြေနင်းသားကိုဖြတ်ပြီးထိနေတဲ့
ငါ့ခြေချောင်းလေးတွေတိုင်းဟာ ကိုယ့်သစ္စာကိုယ်တည်ဖို့
တစ်ရှုးစတွေကို တွန်းအားပေးနေတာကို ငါတစ်ဒိန်းဒိန်းကြားနိုင်ရဲ့
ငါ့နဖူးစီးမှာလည်း ခပ်ရဲရဲ သတ္တိစကိုပတ်လို့ အလံတော်ကို မကြာမီ
ရောက်တော့မယ့်အကြောင်း ကြိုတင်သတင်းပေးထားတယ်၊
မဟုတ်ရင်လည်း ငါ့အမည်နာမကို အရှင်လတ်လတ် တွင်းတူးမြှုပ်နှံထားချင်တဲ့ ရပ်ကွက်က
ငါကျန်းခန့်သာလို့ မာတဲ့အကြောင်းသိရလို့ ဖျားသွားနိုင်တာပေါ့၊
ငါဟာ ဂုဏ်သတင်း ဉာဏ်အလင်းတွေကို မကြာခဏ
သေဆုံးလိုက် မွေးဖွားလိုက် ယဉ်ပါးခဲ့ပြီမို့
ငါ့ရဲ့အထင်အမြင်တွေဟာ ပြတ်သားနေခဲ့ပြီ
ဒါကြောင့်
အသည်းငယ်ရင်လည်း ဘေးဖယ်နေလိုက်
ရေစက်မှုန်တွေတိုင်းဟာ ငါ့ခန္ဓာကိုယ် ဂလင်းတွေဆီက
အညစ်အကြေးတွေကို သယ်ဆောင်သန့်ရှင်းစေမှာဖြစ်လို့
ငါ့ရှိရှိသမျှ ပစ္စည်းဥစ္စာမှန်သမျှ ငါ့ရွှေရောင်ဆီ မျက်နှာမူနေပြီ
စမ်းကြည့်လိုက်စမ်း ဘယ်လိုနည်းနဲ့ပဲ ဖြစ်စေ
ငါ့လက်ဖျံက တစ်ဒတ်ဒတ် နိမိတ်ရွှင်ပြပြက
ရေခဲတောင်ကိုတောင် အရည်ကျိုသောက်ပစ်မှာမို့
စမ်းကြည့်လိုက်စမ်းပါ
မယုံရင်စောင့်ကြည့်နေ
ငါလာနေပြီ
တောင်ကမူတိုင်းကို တိုက်ခိုက် သတ်ပုတ်လို့
ပြိုင်ဘက်မရှိ ငါ ရောက်ရှိလာတော့မည်။

20th March, 2009 (9:23 PM)

Wall

Jul 17, 2013

2 comments

ဒါတွေဟာ သူ့ရဲ့ကိုယ်ပိုင် အဆောင်အယောင်
ဒါကြောင့်သူဂုဏ်ယူတယ်
ဒါတွေဟာ သူကိုယ်တိုင် ထုလုပ်ထားတဲ့ အရည်အချင်းတွေဖြစ်တယ်
ဒါကြောင့် သူချွန်တက်နေတယ်
ပြီးရင် ဒါတွေကကော ဘာထူးသေးလဲ
သူမယိုင်လဲခဲ့တဲ့ သက်သေအချို့
ဒါကြောင့် သူဇွဲကြီးတယ်
ဒီမှာကြည့်ပါလား
ဒါသူ့ရဲ့ master-piece ပဲ
ဒီိလိုနဲ့ သူသိပ်တော်လာတယ်
ဒီလိုဆိုရင်ကော ဘာပြောမလဲ
သူဟာသိပ်ကို ဝေဖန်ပိုင်းခြားကောင်းတဲ့အတွက်
သူ့အရုပ်ပုံတွေထဲမှာ သူဝတ္ထုရေးနေတယ်
သူဟာတကယ်ကို သူမတူတဲ့ ပုဂ္ဂိုလ်
ဒါကြောင့် သူကလိုချင်တာကို
ဆွဲချလိုက်တဲ့ တရားသူကြီးဖြစ်တယ်
သူ့ကို နောက်ထပ်ရှာလို့ တွေ့ဖို့ခက်တယ်
တွေ့ခဲ့ရင်လည်း လောကွတ်ပြုဖို့ခက်မယ်
ဘာလို့လဲဆိုတော့
သူဟာ သိပ်အကိုင်းအရှိုင်းလွန်နေတဲ့
ကိုယ်တိုင်ဘာသာရေးတစ်ယောက်ဖြစ်တယ်။

26th February, 2009 (12:30 AM)

ကြယ်​အလွမ်း

Jun 23, 2013

3 comments
ကိုယ်​ပိုင်​​ကြယ်​စုရယ်​ လို့​တော့မရှိပါဘူး
လွမ်းတဲ့အခါရှာကြည့်​တယ်
(မျက်​လုံး​ရှေ့က အလင်းတန်း​တွေ က​တော့ ​ရောက်​နိုင်​တယ်​​လေ)
ဝေးကွာလွန်းတိုင်းနဲ့ ခူးမထားချင်​ပါဘူး
သူ့ galaxy နဲ့ သူ​နေရာတကျမှာ
ဥက္ကာပျံ ဖြစ်​မလာမှာလည်း ​သေချာ​နေတာပဲ
မှားလိမ့်​မယ့်​မမှတ်​မိခြင်းများ
လိုချင်​သမျှ အလင်းတိုင်းကို ​တောင်းယူရ​အောင်
တစ်​ဦးတည်းပိုင်​ဖြစ်​မ​နေတာ လည်းခက်​သားပဲ
မြတ်​နိုးတဲ့တန်​ဖိုးချင်းက တအားများကွာ​နေတာလား
ကြယ်​တစ်​လုံးရဲ့ အိပ်​မက်​က​တော့
မှေးမှိန်​တဲ့ ​ငေး​မောလွမ်းဆွတ်​ခြင်းအ​ကြောင်း လုံးဝမဖြစ်​နိုင်​ဘူး။

5th February, 2007 (12:10 AM)







posted from Bloggeroid

About me

mypersonalspace
View my complete profile

Comment