ငါမင်းကို အကျယ်ကြီးအော်ပြောချင်နေတာ မင်းသိလား
decibel အမြင့်ဆုံးနဲ့ ဖွင့်ထားတဲ့ speaker တစ်ခုလို ငါအ်ာချင်နေတာ
ဆူညံမှုနဲ့ ရင်ခွဲစစ်ဆေးခံရမယ့် ပုစဉ်းရင်ကွဲလို ငါအော်ပြောချင်နေတာ
သိမ်းဆည်းခြင်းတွေနဲ့ ငါ့အခန်းက မှိုတက်နေလို့ အခုတော့ ငါ ဖွင့်ထုတ်ပြောတော့မယ်
မင်းသိလား ထိပ်တန်းလုံခြုံရေး စနစ်တပ်ဆင်ပြီး ငါပြေးခဲ့တာ
မိုင်တစ်ရာဆိုလည်းဟုတ် မိုင်တစ်ထောင် ဆိုလည်းဟုတ်
ဒီတော့ ငါ ဆက်မရွေ့ချင်တော့ဘူး
ငါ့လည်ချောင်းတွေ ပူလောင် ခြောက်ကပ်အောင်ပဲ မင်းကြိုးတွေက
တင်းတဲ့အခါတင်း လျော့တဲ့အခါလျော့ ဘယ်တော့မှ အစီအစဉ်မကျ
ဒီတော့ ငါ မင်းကို အသံကုန်ခြစ်ပြီးအော်ပြောရုံ အပြင် မရှိတော့ဘူး
ဒီနေ့က စပြီး
ငါ မင်းကို ပြောပြတော့မယ်
အကျယ်ဆုံးသော အပွင့်နိုင်ဆုံး အသံနဲ့ ငါအော်ပြောမယ်
ငါ တကယ်ပြောတော့မှာမို့
မင်းရဲ့ နားစည်တွေကို ကြိုတင် အကြောင်းကြားစေချင်တယ်
ငါ့ရဲ့ လွှင်းထုတ်လိုက်တော့မယ့် အသံလှိုင်းတွေက
အာရုံကြောတွေကို ဖြတ် မင်းနှလုံးသားဆီ ပူပူနွေးနွေး ရောက်လာတော့မှာမို့
မင်းကို စောင့်နေစေချင်တယ်။
12th May, 2010
ဒီဇင်ဘာ မိုး
1 year ago


1 comments:
အခုလောလောလတ်လတ်ကိုပဲ အကျယ်ကြီးအော်ပြောချင်နေတယ်။ လွမ်းလိုက်တာလို့။ ခြေရာလေးတောင် မြင်နေခွင့်မရှိအောင် ဘယ်နတ်ဆိုးက အငြိုးနဲ့ ပြုစားရက်လေသလဲ။
Post a Comment