သူမခြေလှမ်းပေါင်း များစွာကိုလှမ်းခဲ့ပြီ။ ဘယ်လောက်များသလဲဆိုတာ ရေတွက်ဖို့တောင် မဖြစ်နိုင်လောက်အောင်
လှမ်းခဲ့ပြီ။ မဟုတ်ဘူး၊
သူမ မိုင်တိုင်အချို့ကိုတောင် ဖြတ်ကျော်လာခဲ့ပြီ။ သူမလာခဲ့သောလမ်းက
ရှည်လျားလွန်းလို့ ခြေကုန်လက်ပမ်းကျလာခဲ့ပြီ။ သူမအရမ်းကို
မောပန်းနေပါပြီ။ သူမဘယ်လောက်
ဝေးဝေးကို ရောက်နေပြီလဲဆိုတာ သူမကိုယ်သူမလည်း
မသေချာ။ သူမက
ဘယ်လောက်တောင် အဝေးကို
သွားခဲ့လို့ သူမရဲ့အိမ်က
ဘယ်လောက်အဝေးမှာ ကျန်ခဲ့မှန်း
သူမ မသိတော့။
သူမရှေ့က မျက်စိတစ်ဆုံးမှာတော့ ကျိုးတို့ကျဲတဲ အိမ်ခြံများအလယ်မှာ
မိန့်မိန့်ကြီးလှဲလျောင်းနေသော ငွေလမ်းမကြီးသာ ရှိသည်။ သူမသွားချင်တာ ထိုလမ်းမကြီး၏
ဘေးဝဲယာက အမှတ်တစ်ခုလား၊ ထိုလမ်းမကြီး၏
အဆုံးလား။ သူမ၏နောက်ဝေးဝေးတစ်နေရာမှာတော့ အဆောက်အဦး
မြင့်မြင့်မားမားများ လှလှပပ
စီချထားသော ရှုပ်ထွေးမောပန်းစွာ တက်ကြွနေသော
ဒေသတစ်ခုရှိလိမ့်မည်။ ထိုဒေသတွင်
တစ်ခုအပါအဝင်ဖြစ်သော သူမ၏အခန်းကို
ပြန်ရောက်နိုင်ဖို့ ဆိုလျှင်တောင် တော်တော်များများ
ပြန်လှမ်းရဦးမည်။ သူမ၏အိမ်ကို
ရောက်ဖို့ဆိုတာတော့ အဖြေရှိလျက်
သူမမသိခဲ့သော မေးခွန်းတစ်ခုသာဖြစ်သည်။ ထိုလမ်းမကြီးပေါ်ကနေတော့ သူမအိမ်ကိုပြန်ဖို့ ဘယ်အရပ်သို့
မျက်နှာမူရမယ်ဆိုတာ ကိုပင်သူမမသိပါ။ သူမ၏နားထင်နှင့်
ပါးပြင်များတွင် စိုစွတ်လာနေသော်လည်း သူမလက်ဖမိုးများဖြင့်သာ
ပွတ်သပ်ချနေမိုသည်။ ထိုစိုစွတ်မှုသည် အရေပြားမှလာသလား
မျက်ဝန်းအိမ်များမှ လာသလား
သူမမသိသော်လည်း သူမခြေထောက်များကတော့ ဆက်လှမ်းလျက်သာရှိသည်။
×××××××××××××××××××××××××××××××××××××××
လွန်ခဲ့သောသုံးနှစ်၏ အရှေ့ပိုင်းနှစ်များတွင် ကိုယ်လက်လှုပ်ရှားခြင်းနှင့် ထိုမှရသော
မောပန်းခြင်း ချွေးစက်များနှင့် သူမ မရင်းနှီးခဲ့ပါ။ ရင်းနှီးဖို့လည်းမကြိုးစားခဲ့သလို အဓိပ္ပါယ်နှင့်
အနှစ်သာရကို နားလည်နိုင်ဖို့လည်းမကြိုးစားခဲ့ပါ။ ထိုအချိန်များက သူမသည်စာကြည့်စားပွဲပေါ်
ထပ်ပုံထားသော စာအုပ်များကိုသာ အချိန်မီ
ဖတ်ပြီးနိုင်အောင် ကြိုးစားရင်း
မောပန်းခဲ့ ရသည်။
ယခု အချိန်တွင်တော့ သူမသည်နေ့စဉ်နှင့်
အမျှ ထိုအချိန်က
ဖတ်မှတ်ခဲ့ဖူးသော အရာများနှင့်
ကွဲပြားခြားနားသော စာရွက်စာတမ်းများကို ကြည့်ရှုနေရပြီး
ပိုမိုဆန်းပြားသော အခြေအနေများ
ကြားတွင်မားမားမတ်မတ် ရပ်တည်နေရသည်။ ရွေးချယ်မှုများကို
ဆုံးဖြတ်ဖို့ ရပ်တည်ရာကို
ရွေးချယ်ဖို့တစ်ချိန်က သီအိုရီ
များက သူမကို
အထောက်အပံ့ ပေးသည်မှာ
မှန်သော်လည်း မပြည့်ဝသေးသော အသိပညာထဲသို့
တွေ့ကြုံရသမျှ အဖြစ်အပျက်များ၏ ရှေ့ဆောင်လမ်းပြခြင်းဖြင့်
သူမနောက်ရက်များသို့ ရှေ့ဆက်နေရသည်။ ထိုအခါမှာမှ
ခက်ခဲစွာကြိုးစားခဲ့ရဖူးသော စာဖတ်ခြင်းအလုပ်သည် တကယ်တော့
လွယ်ကူလှသော အဆင့်ဟု
နားလည်လာရသည်။
ကျောင်းတုန်းက အပါင်းအဖော်ရှားပါးစွာ စာအုပ်များဖြင့်သာ သေတပန်သက်တဆုံးရှင်သန်တော့မလို လူမှုရေးရာညံ့ဖျင်းလှသောသူမသည် ယခုတော့
တစ်နာရီအတွင်း ငါးကြိမ်မှ ဆယ်ကြိမ်အထိ
ထထမည်တတ်သော
သူမရှေ့မှ
တယ်လီဖုန်းကို ကိုင်ရင်း မိခင်ဘာသာစကားမဟုတ်သော စကားလုံးများဖြင့် သူ့အကြောင်းကိုယ့် အကြောင်း
သိဖို့
မဖြစ်နိုင်သော လူပေါင်းများစွာကို ယဉ်ကျေးချိုသာစွာ သို့သော် တိကျပြတ်သားစွာ၊ လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံနေရသည်။
meeting hall စားပွဲများတွင် ဘုတ်အဖွဲ့ဝင်များ သို့မဟုတ် အကြိုရင်းနှီးမြှပ်နှံသူများ သို့မဟုတ်
ဌာနအလိုက်
ဌာနမှုးများ
မန်နေဂျာများ
ဖတ်ရန်
leaflet များပြင်ဆင်ခြင်း
hotel ballroom လိုနေရာတွင် ဟောပြောစင်တွင် ရပ်မည့် ပုဂ္ဂိုလ်
ပြောကြားရန်စကားများနှင့် မထင်မှတ်စွာ
ထွက်ပေါ်လာနိုင်မည့် မေးခွန်းအချို့အတွက် short point များပြင်ဆင်ခြင်းမှစ၍ ထမင်းစားချိန်ရုံးကို ပြန်မရောက်နိုင်လို့ အပြင်တစ်နေရာတွင်
ဝင်စားကြသည့်အခါ sauce အမျိုးအစားကို မေးမြန်းမှာကြားပေးရခြင်းများ
အပါအဝင် ရံဖန်ရံခါ စုံစည်းတတ်သော drunk night များအပြီးတွင် နောက်ခန်းသို့
ကားအတွင်းရှိ မှန်မှ မကြာခဏ လှည့်ကြည့်လျက် မောင်းရကာ တစ်ဆယ့်နှစ်ထပ်အထိတက်
bell ကိုနှိပ် သူမထိန်းပေးထားရသော ပုံမကျတော့သော ဝတ်စုံပြည့်ကို ကြည့်ရင်း
စိတ်မသက်မသာဖြစ်သွားပုံရသော အမျိုးသမီး၏ ကျေးဇူးတင်စကားကို နားထောင်ရခြင်းများအထိ ခက်ခဲရှုပ်ထွေးမှုများက
သူမ၏ မနက်ဖြန်များကို တင်းကျပ်စွာ စည်းနှောင်ထားနှင့်လေ့ရှိသည်။
ဘဝဆိုတာ? ဟူသည့်နောက်တွင်
အပြောများသော အဆိုးမြင် မှတ်ချက်များ လိုက်ပါနိုင်ရခြင်း အကြောင်းတရားများကို သူမနားလည်နိုင်ဖို့
ထိုက်ထိုက်တန်တန် ပေးဆပ်ခဲ့ရသည်။ သူမသည်လည်း ဘဝကို အကောင်းမြင်ဖို့ မတတ်နိုင်သူတစ်ယောက်ဖြစ်သည်။
‘ဘဝဆိုတာ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး’ ဆိုသော စကားမျိုး
သူမပြောနိုင်ချင်သည်၊ ပြောနိုင်ဖို့ စိတ်ဓာတ်ခွန်အားပြည့်ဝသူလည်း ဖြစ်ချင်သည်၊ အနည်းဆုံး
အဲ့ဒီစကားမျိုး ပြောနိုင်တဲ့ လူတစ်ယောက်သူမ အနားတွင် ရှိစေချင်သည်။ မရှိဘူးလား၊ သူမအနီးနားမှာ
အဲ့ဒီလို အရည်အချင်းနှင့် လူမရှိဘူးလား။ မဟုတ်ဘူး၊ မှန်နံရံ အချို့မှ လှမ်းမြင်နေရသော
တစ်ဖက်ခန်းမှ အနည်းငယ်မြင့်သော အသံဖြင့် ‘ခင်ဗျားတို့ ယန္တယားကြီး
ဘယ်လိုလယ်ပတ်နေတာ ကျွန်တော်စိတ်မဝင်စားဘူး၊ ကျွန်တော်တို့နေနဲ့က…’ ပြောသောအသံကို သူမကြားခဲ့ရဖူးသားပဲ။ ဒီအတိုင်းဆို သူမတကယ်မျှော်လင့်နေတာက တစ်စုံတစ်ယောက်၏
စိတ်ဓာတ်ခိုင်မာမှုမဟုတ်၊ တစ်ဦးတစ်ယောက်၏ စိတ်ဓာတ်ခိုင်မာမှုသာဖြစ်သည်။ ထိုသူသည် သူ၏စိတ်နှလုံးအတွင်းပိုင်းကို
ဖွင့်အန်ချပြဖို့ ပျော့ဆင်းလာခြင်း မရှိသူဖြစ်သည်။ အနည်းဆုံးတော့ ဖြစ်ခဲ့သည်၊ အနည်းဆုံး
သူမပေါ်တွင်တော့ ဖြစ်ခဲ့ပါသည်။
သူမ၏အတွေးများသည် ခန့်သက်ဆိုသော ခေါင်းစဉ်ကို စဉ်းစာမိတာနှင့်ပင်
ကပ်လျက်ပါလာတတ်တာက ယံယံ။ ခန့်သက်နှင့် အနေနီးလို့လား သူမအရင်းနှီးဆုံး သူငယ်ချင်းဖြစ်လို့
လားတော့မသိပေမယ့် ယံယံ ဆိုတာ သူမက ဝန်တိုစိတ်ဖြင့် ကြည့်မြင်သင့်သည့် သူတော့မဟုတ်ပါ။
သူမ၏ခံစားမှုများကို တုံ့ဆိုင်းစေတာက သူမ၏ အသိစိတ်ဖြစ်ခဲ့လျှင် ခန့်သက်၏ လုံခြုံစွာ
စောင့်စည်းခြင်က တံတိုင်းတစ်ခုဖြစ်ခဲ့ပြီး ယံယံ ဆိုတာက ထိုတံတိုင်းပေါ်မှ သံဆူးကြိုးကွင်းများဖြစ်သည်။
သူမရပ်တန့်နေဖို့အပြင် ဘာမှမရှိပါ။ သူမကျောင်းပိတ်ရက် ပြန်လာတိုင်း ဘူတာမှာ ပထမဆုံးတွေ့ရတာက
သွက်လက်စွာပြေးလာတတ်သော ယံယံ၊ အဲ့ဒီနောက်မှာ ပုံမှန်ခြေလှမ်းများဖြင့် ခန့်သက်၊ လမ်းလျှောက်လာရင်း
ဘောင်းဘီအိပ်ဘေးတစ်ဖက်မှ လက်ကို အပြင်ထုတ်ကာ မြှောက်ပြမည်၊ သို့မဟုတ် နှုတ်ခမ်းကို လှုပ်ရှားသည်
ဆိုရုံသာ ပြုံးလိမ့်မည်။ ယံယံက ဆိုင်ကယ်ကို stand အပြင်ဘက်ထုတ်နေတဲ့ အချိန်သူက သူ့ဆိုင်ကယ်ရပ်ထားရာမှာသာ သူမ၏ခရီးဆောင်အိတ်ကို
ဆိုင်ကယ် carrier မှာကြိုးနှင့် ချည်နေမည်။ သူမက ရပ်ကြည့်နေတာကိုတော့
မသိချင်ယောင်ဆောင်ထားမည်။
သူမအိမ်ပြန်လာပြီဆိုလျှင် ပထမဆုံးမြင်ချင်သူများထဲတွင် ယံယံ
ရော ခန့်သက်ရော ပါသည်။ သို့သော် သူတို့နှစ်ဦးလုံးကို အတူတကွ မြင်လိုက်ရလျှင်တော့ သူမ၏
ပျော်ရွှင်မှုသည် ရှုပ်ထွေးသွားရလေ့ရှိသည်။ တစ်ယောက်က လှိုက်လှဲလို့ တစ်ယောက်ကနှုတ်ဆိတ်လို့
ခွဲခြားရန်သူမကြိုးစားကြည့်သည်၊ မအောင်မြင်ပါ။ နွေးထွေးစွာ ကြိုဆိုတတ်သူက နွေးထွေးစွာ
ကြိုဆိုရုံ၊ ဆိတ်ဆိတ်နေတတ်သူက ဆိတ်ဆိတ် နေတတ်ရုံနှင့် လုံလောက်သော်လည်း ပေါင်းစည်းခြင်းကြားမှ
ကန့်သတ်ထုတ်ယူနေမိသော အထီးကျန်ခြင်းများက သူမကို ထိတ်လန့်စေလေ့ ရှိခဲ့ပါသည်။ ထို့ကြောင့် ‘ယံယံ’ ‘ခန့်သက်’
ဟူ၍ စဉ်းစားလိုက်တိုင်း အပီပြင်ဆုံးသော ရုပ်ပြအဖြစ် ဘူတာတွင်ရပ်နေသော
ပုံရိပ်များကို ပထမဦးစွာ မြင်ယောင်လာတတ်ခဲ့သည်။
×××××××××××××××××××××××××××××××××××××××××
သူမသည် မူလသဘဝအားဖြင့် နူးညံ့သိမ်မွေ့စွာ ခံစားလွယ်သော သာမန်မိန်းကလေးတစ်ယောက်သာ
ဖြစ်ခဲ့ပါသည်။ သူမကိုယ်သူမ တည်ဆောက်လိုသော အတ္တ၊ သူမကိုယ်တိုင် အတွက်ရယူလိုသော လောဘများဖြင့် ဤခရီးလမ်းကို
လျှောက်လှမ်းခဲ့သော်လည်း သူမအတွက်အခိုင်အမာ တွန်းအားပေးသော အရာမှာ သူမ၏ ရပ်တည်နိုင်စွမ်းသော
မာနသာဖြစ်သည်။ ထိုမာနသည် ဘယ်လိုအကြောင်း အရာများဖြင့် ဘယ်အချိန်တွင် စတင်ခဲ့သည် မသိနိုင်သော်လည်း
ထူးဆန်းသော အတွေးအခေါ် တစ်ခုဖြစ်သည်။ သူ့ကိုအသိအမှတ်ပြုမည့် အရာများမရှိလျက်ပင် ရှင်သန်အမြစ်တွယ်နေသောကြောင့်ဖြစ်သည်။
တကယ်တော့ သူမသည် ထွက်ပြေးလာသူတစ်ဦးလည်း ဖြစ်သည်။ ဘယ်ရပ်ဝန်းဒေသမှ လွတ်မြောက်ချင်ခဲ့မှန်း
မသိသော်လည်း သူမသည် ထွက်ခွာပြေးလျက်သာရှိသည်။ လုံလောက်သော ဝေးကွာမှုကို ရပြီလား၊ မရသေးဘူးလား
ဟု သူမကိုယ်သူမ မေးကြည့်သေးသော်လည်း ထိုမျှနှင့်ပင် သူမ ရပ်တန့်ချင်လှပြီဖြစ်သည်။
သူမသည် ကိုယ်၏ ခံနိုင်စွမ်းထက် ပိုမိုအသုံးချကာ အမောဆို့နေသူလည်း
ဖြစ်သည်။ ထိုအမောများကို ယခုကဲ့သို့ တနင်္ဂနွေနံနက်ခင်းများတွင် ဖြေလျော့သက်သာစေလေ့ရှိသော်လည်း သူမကိုယ်မှချွေးများနှင့်
နံနက်ခင်းလေ၏ ထိခတ်မှုကြောင့် ဖြစ်ပေါ်လာသော အေးစက်ခြင်းများတွင်တော့ တစ်ကြိမ်တစ်ခါက
‘ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့နေ့က မအီမသာနဲ့၊ အဲ့ဒါကြောင့် နေ့တိုင်း
တစ်ခုခုတော့ ကစားဖြစ်တယ်’ ဟု ပြောဖူးသော သူတစ်ယောက်အား မတွေးတောမိအောင်
ကြိုးစားရတာ သူမစိတ်ကိုပြန်ဖိစီးနေတတ်သည်။
သူမအခန်းကို ရံဖန်ရံခါ ရောက်လာတတ်သော ကိတ်သည် အခန်းအဝင်တံခါး၏
အနောက်ဖက်တွင် ကပ်ထားသော 10×12 film poster ကို နှာခေါင်းရှုံ့လေ့ရှိခဲ့သည်။ မျက်စိနောက်ရလောက်အောင် အရွယ်အစား မကြီးမားသော်လည်း
ဆယ်ကျော်သက်များ၏ အလုပ်ဟု ခံယူသော ကိတ်က ‘မင်းအကြိုက်က ဟောင်းလှချည်လား’
ဟုပြောကာ မျက်ကွယ်ပြုထားတတ်သည်။ သို့သော် အပြန် သူမကို နှုတ်ဆက်ချိန်တွင်တော့
ပြန်မျက်နှာချင်းဆိုင်ရတာပဲဖြစ်သည်။ ကိတ်အား အလုပ်ခန့်အပ် လစာပေးထားသော ကုမ္ပဏီမှ အရေးအပါဆုံးသော
ပုဂ္ဂိုလ်တစ်ဦး၏ စာရင်းဇယားများခန့်ခွဲမှုအတွက် အားအင်ဖြည့်တင်းပေးသော အရင်းအမြစ်၏ နေရာဟုပြောလျှင်
ကိတ်က ‘ငါ့ကံကြမ္မာတော့ မရေရာတော့ဘူး’ ဟု
ရေရွတ်မည်လားပင် မသိပါ။
ဘုရားကျောင်းသွားသော Sunday များတွင် ကိတ်သည်သူမထံ ရောက်လာတတ်သည်။ ကိတ် ရောက်လာသောအချိန်သည် အများသောအားဖြင့်
ကန်ထဲတွင် အချိန်ကြာကြာ ရေစိမ်ပြီးစ လန်းဆန်းနေသော အချိန်ဖြစ်တတ်သည်။ သူမ၏ ဒဏ်ရာများကို
ချွေးစက်များဖြင့် ဖြေသိပ်ခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သော နာရီပိုင်းအတွင်းက သွေးရူးသွေးသန်
ပြေးနေသူ တစ်ယောက်မဟုတ်ခဲ့သလို သူမက ကွတ်ကီးမုန့်ကို ပန်းကန်ထဲထည့်ကာ ကိတ်နှစ်သက်စေရန်
ကော်ဖီကို အချိုးအစားတကျ ဖျော်နေသည်။
‘အတွင်းရေးမှုးရဲ့ ဟာ့ဒစ်က ကြည့်စရာတွေများမျာပဲ’
ကိတ်ကိုလှမ်းကြည့်လိုက်တော့ တစ်ခုတည်းသောဆိုဖာရှည် ရှေ့စားပွဲပေါ်တွင်
သူမညက အလုပ်လုပ်ထားခဲ့သော စာရွက်အချို့နှင့် apple mac
book ရှေ့ရောက်နေသည်။ သူမ၏ schedule များ၊
data များကို ဘယ်သောအခါမှ စိတ်ဝင်စားလေ့မရှိသော ကိတ်၏ နောက်ပြောင်သောစကားကို
သူမကပြုံးလျက်တုံ့ပြန်ရင်း ကော်ဖီမွှေနေသောဇွန်းကို နှုတ်ကာ basin ထဲထည့်လိုက်သည်။ ကော်ဖီနှစ်ခွက်နှင့် မုန့်ပန်းကန်ကို လင်ဗန်းဖြင့်ယူကာ မီးဖိုစားပွဲမှ
ထွက်လာရင်း ကိတ်ကိုပြန်လှမ်းကြည့်လိုက်တော့ စိတ်ဝင်တစားပုံစံကို တွေ့ရ၍ သူမအနည်းငယ်တော့
အံ့သြသွားမိခဲ့သည်။ လင်ဗန်းကို စားပွဲပေါ်သို့တင်လိုက်ချိန်တွင် ကြမ်းပြင်ပေါ် ထိုင်နေသော
ကိတ်က သူမကိုမော့ကြည့်ကာ
‘ဒါမင်းရဲ့ အချစ်ဆုံးသူငယ်ချင်းတွေ’
မေးခွန်းလည်းမဟုတ်၊ ရေရွတ်တာလည်း မဟုတ်ပဲ အသေအချာ ပြောသည်။ သူမက
ကော်ဖီတစ်ခွက်ကို ကိတ်အရှေ့ချပေးရင်း တစ်ခွက်ကို လက်ကကိုင်ကာ ကိတ်၏နောက်ကျောဘက်သို့
လျှောက်လာပြီး ဆိုဖာပေါ် ထိုင်လိုက်သည်။ ကိတ်ကြည့်နေခဲ့သော အရာမှာ ရယ်မောနေသော လူငယ်သုံးယောက်ဖြစ်သည်။
သူမကော်ဖီကို တစ်ကျိုက်မျိုချလိုက်သည်။ အရသာတော့ မသိလိုက်။ ကိတ်သည် screen ပေါ်ကြည့်နေတော့တာ မဟုတ်ပဲ ခေါင်းကိုညာဘက်သို့
အနည်းငယ်စောင်းကာ စိုက်ကြည့်နေသည်။ မကြာသေးမီကမှ သူမရပ်နေခဲ့သော မီးဖိုနေရာကိုကြည့်နေတာ
မဟုတ်ပါ၊ ကိတ်သည် သူမအခန်းတံခါးရွက်သို့ ကြည့်နေခဲ့သည်။ နောက်ကိတ်က touch
pad ကိုအနည်းငယ်ကစားလိုက်တော့ မိန်းကလေးတစ်ယောက်၏နောက် နောက်မိန်းကလေးတစ်ယောက်၏
ဘေးစောင်းနေရာမှ လူငယ်၏ပုံက ပိုမိုပီပြင်သွားသည်။ သူမ မမြင်ချင်ယောင်ဆောင်ကာ ရှေ့တည့်တည့် မလှမ်းမကမ်းရှိ သူမအိပ်ရာကိုသာ ကြည့်နေခဲ့သည်။
သူမကော်ဖီခွက်ကို စားပွဲပေါ် တင်လိုက်သည်၊ အိနြေ္ဒမပျက်စေရန်ကြိုးစားဖို့ဖြစ်သည်။
‘မင်းအိမ်မှာ ဝမ်းနည်းခဲ့ရတာပေါ့’
ကိတ်၏အသံနှင့်အတူ သူမလက်ကို လာဆုပ်ကိုင်တော့မှ သူမလက်ဖျားများ
အေးစက်တုန်ယင်နေကြောင်း သတိထားမိသည်။ သူမနှုတ်ခမ်းသားများချင်း ဖိထားမိသည်။ သို့သော်မဖြစ်နိုင်တော့၊
နောက်ကျသွားခဲ့ပြီ၊ သူမအိပ်ရာခင်းကို သူမ ပီပြင်စွာ မမြင်ရတော့။
‘ဒါအဆုံးသတ် မဟုတ်သေးပါဘူး၊ ဒါမပြီးသေးဘူး’
ဆိုသော ကိတ်၏ စကားသံအဆုံးမှာတော့ ပါးပြင်ပေါ်သို့ မျက်ရည်စက်တို့
လွင့်ကျသွားခဲ့သည်။ ကိတ်က သူမဘေးသို့ လာထိုင်ကာ သူမကို ပွေ့ဖက်လျက် သူမကျောပြင်ကို
ညင်သာစွာ ပွတ်သပ်ပေးနေသည်။
ယခုမှ ဓာတ်ပုံကိုပင် ပထမဆုံးအကြိမ်မြင်ဖူးသော ကိတ်သည် သူမရင်ကိုထွင်းဖောက်မြင်နိုင်ခဲ့ရလောက်အောင် သူမကရူးသွပ်နေတာကို
ခန့်သက် နင်တကယ်ပဲ မမြင်နိုင်ခဲ့ဘူးလား၊ ဒါမှမဟုတ် နင်မမြင်ချင်ယောင်ဆောင်ခဲ့တာလား၊
ဘာကြောင့်လဲ။ အတော်ကြာတော့ ကိတ်က သူမကို ကော်ဖီခွက်ယူပေးသည်။ သူမကကျေးဇူးတင်စကားပြောတော့
‘မင်းအကြိုက်က တကယ်ဖြောင့်တာပဲ’
သူမကကြိုးစားပြုံးလျက်ကြည့်လိုက်တော့ ကိတ်ကမျက်စိတစ်ဖက်မှိတ်ပြသည်။
အဲ့ဒီနောက်တော့ ကိတ်သည် poster အားဘယ်သောအခါမှ
ရှိသည်ဟု သဘောမထားတော့ပါ။
×××××××××××××××××××××××××××××××××××××××××
အထက်တန်း မရောက်ခင် အားရက်တစ်ခုတုန်းက သူမ ယံယံ နှင့် ခန့်သက်တို့
သုံးယောက် ရုရှားမင်းသား၏ Dentation ကိုအတူတကွ ကြည့်ခဲ့ကြဖူးသည်။ နောက်မကြာမီသော နှစ်များအတွင်းတွင် သူမတို့၏ သူငယ်ချင်း
ကောင်းလေးသည်ထိုထဲမှ အဓိကဇာတ်ကောင်၏ အသွင်သဏ္ဍာန်မျိုး ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ခဲ့ကြပါ။
ယခုတော့ သူမသည် အချို့သော ညများတွင် ခေါင်းဦးနှစ်လုံးကို ဆင့်မှီကာ နားကြပ်ကိုတပ်ထားရင်း
အခန်းအဝင် တံခါးရှိ ရုပ်ပုံကို ကြည့်နေမိတတ်သည်။ လျှပ်စစ် violin သံ ထွက်ပေးလာပြီဆိုလျှင်တော့ သူမသည်နားကြပ်ကို ဆွဲဖြုတ်ပစ်မိလေ့ ရှိသည်။ သူမတစ်ယောက်တည်းနေသော
မြို့၏ သူမတစ်ယောက်တည်းသာ ရှိသော အခန်းတွင်မှ သူမခံစားချက်ကို မထုတ်ဖော် ထိန်းသိမ်းဦးမည်
ဆိုလျှင် သူမ ကိုယ့်ကိုကိုယ် ညှာတာကင်းမဲ့သူဖြစ်တော့မည်။
အရွယ်ရောက်ပြီးသော လူကြီးတို့သည် ဖြတ်သန်းခဲ့ရသော သူတို့၏ ကျောင်းသားဘဝများကို
ရွှေရောင်နေ့ရက်များဟု တင်စားကာ မမေ့နိုင်သော အတိတ်ပုံရိပ်များ အဖြစ်လွမ်းဆွတ်တတ်ကြသည်။
သူမသည်လည်း ထိုအချိန်များတုန်းက အသာယာဆုံးဟု ထင်ခဲ့သည်ပဲ၊ သို့သော် ယခုအချိန်တွင်တော့
ထိုကာလများသည် အနာတရများ အဖြစ်သို့ ပုံစံပြောင်းသွားခဲ့ပြီ။ သူမမှတ်ဉာဏ်ထဲမှ မေ့ဖျောက်ဖို့
ကြိုးစားလျက်နှင့်ပင် မှတ်မှတ်ထင်ထင် ပြတ်ပြတ်သားသား မြင်နေရသော နေ့ရက်တို့သည် ကျောင်းနေ့ရက်များ၏
တစ်စိတ်တစ်ပိုင်းဖြစ်သည်။
သူမ၏ အနုပျို အလတ်ဆတ်ဆုံးအချိန်များသည် ကြည်နူးတက်ကြွဖွယ်ရာ
ကုန်လွန်ခဲ့သည်မှာတော့မှန်ပါသည်။ သူမ၏ အချိုသာဆုံး အပြုံးများသည် ကျောင်းစာသင်ခန်းများ၊
ကျူရှင်စာသင်ခန်းများ၊ ဧည့်ခန်းစာကြည့် စားပွဲဝိုင်းများ၊ ဘောလုံးကွင်းများ၊ ကျောင်းစာကြည့်တိုက်များနှင့် language lab များတွင် ရှိခဲ့သည်။ နှစ်တွေကုန်လွန်သွားပြီးသော
နောက်တွင်တော့ ထိုမသိသားစိုးရွား ပျော်ရွှင်မှုတို့သည်- ထိုအရာများကို
ဆက်သွယ်ပေးခဲ့သော ကတ္တရာလမ်းများ၊ မြေနီလမ်းများ၊ ကျောက်ခင်းလမ်းများ၊ မြက်ခင်းလမ်းလေးများနှင့်
ပန်းအိုးစီ လမ်းလေးများအပါအဝင် ထိုအရာများကြားမှ ဖြတ်သန်းကုန်လွန်ခဲ့ရသော ဆောင်းနံနက်ခင်းတို့၏
နှင်းစက်မှုန်များ၊ မိုးရာသီ၏ လွန်လွန်ကျူးကျူး မိုးရေစက်များနှင့် ထီးများ၊ နွေညနေခင်းတို့၏
နေလုံးနီကြီးနှင့် အနှစ်သာရမဲ့ လေကြမ်းများ ၊ နှင့် ရင်းနှီးစွာရှုရှိုက်ဖူးနေကျ ရနေကျ
လေထု၏ ရနံ့နှင့် အငွေ့အသက်- ထိုအမှတ်သညာများအတွက် သူမသည် ခါးသက်စွာ
ရင်နင့်သိပ်သည်းနေရပြီဖြစ်သည်။
သူမတို့ သူငယ်ချင်း သုံးယောက်ကြား ချစ်ခြင်းနှင့် သံယောဇဉ်သည်
အလှပဆုံးအရာ ဖြစ်ခဲ့သည် မှန်သော်လည်း ထိုအလှတရားအကြောင်း ဘယ်တစ်ဦးတစ်ယောက်နှင့်မျှ
စကားမစပ်မိရလေအောင် သိုသိပ်လှသော အတွင်းနက်နက်မှ အချို့သော မရိုးသားမှု မပွင့်လင်းမှုများသည်
သူမတွင်မှ ဘာကြောင့်ပိုမို ဒဏ်ခတ်ခံရသလဲဆိုတာတော့ သူမမသိခဲ့ပါ။ အထက်တန်းနှစ်များပြီးသွားသည့်နောက်
သူမသည် ယံယံနှင့် ခန့်သက်ကို တွေ့ဆုံရသော အချိန်ထက် နှုတ်ဆက်နေရသော အချိန်က ပိုများလာခဲ့သည်။
ကျောင်းဖွင့်ချိန်တွင်ဘူတာသို့ လိုက်ပို့ပေးသည် အိမ်ပြန်လာလျှင် ဘူတာတွင် လာကြိုသည်
မတူညီသောကျောင်းအသီးသီးကို ရွေးခြယ်ကြတာခြင်း အတူတူ သူမကသူငယ်ချင်းများနှင့် မိုင်
(၅၀၀) ကျော်အဝေးမှာ၊ မြို့အစွန်နှစ်ဖက်စီမှာ
တည်ရှိသော ကျောင်းများဆိုတာ ရထားတစ်တန်၊ ကားတစ်တန် ခရီးတော့ မဟုတ်။ သူမသည် သူမနှလုံးသား၏
လားရာကို ဆန့်ကျင်ပြီး အဝေးသို့ကိုယ်တိုင်နှင်ထုတ်ခဲ့သည် မိုက်ရူးရဲတစ်ဦးလည်းဖြစ်ပါသည်။
သူငယ်ချင်းများထံမှ ပထမဆုံးအကြိမ် ထွက်ခွာမည့် ရထား၏ဘေးတွင်
သူမနှင့်ယံယံက လက်တွဲလျက်ရပ်နေခဲ့ပြီး ခန့်သက်က သူမ၏ အဝတ်သေတ္တာကို သူမထိုင်ခုံနေရာအောက်တွင်
တွန်းထည့်ပေးနေသည်။
‘ဘာလိုသေးလဲ’
ယံယံ၏ ချစ်ခင်စွာ အလိုက်တသိမေးခွန်း၊
‘သတိရသမျှတော့ အားလုံးစုံပါတယ်’
‘ဒီက လိုတာရှိရင် ဘယ်အချိန်ဖြစ်ဖြစ်မျာလိုက်နော်’
‘အင်းပါ’
သူမခေါင်းညိတ်ရင်း ဖြေချိတ်တွင် ခန့်သက်က ရထားပေါက်ဝမှ လက်နှစ်ဖက်ကို
အချင်းချင်း ခပ်ဖွဖွ ရိုက်ခါလျက်ဖြင့် ဆင်းလာသည်။ သူမတို့သုံးယောက်သည် အချို့သော စကားများကို
ရှောင်ကွင်းပြောဆိုနေရသလို ပြောစရာများ ရှားပါးစွာဖြင့် ပြတ်တောင်းနေရသည်။
‘တက်တော့လေ’
ယံယံ၏ တိုးတိတ်လှသော တိုက်တွန်းသံ။ သူမက တွဲထားသော ယံယံ၏ လက်ကို
လက်နှစ်ဖက်ဖြင့်သေချာဆုပ်ကိုင်ကာ အနည်းငယ် ဖြစ်ညှစ်လိုက်မိသည်။ သူမကိုယ်သူမ အားရှိချင်ယောင်ဆောင်တာပဲဖြစ်သည်။
ယံယံ၏ လက်ကိုလွှတ်လိုက်ချိန်တွင် ခန့်သက်က လက်ကမ်းပေးသည်၊ ခန့်သက်၏ မျက်ဝန်းများကို
ငေးကြည့်ရင်း သူမ၏နှလုံးခုန်သံကို သတိထားမိနေသည်။
‘ကျန်းမာရေး ဂရုစိုက်’
ဒါသူမကို အများဆုံးပြောနေကျစကား၊ သူမအတွက် ခန့်သက်၏ အပူပန်ဆုံးအရာဟု
ဝန်ခံခဲ့သော အကြောင်းအရာ။ သူမသည် ထိုလက်ကို ဘယ်သောအခါမှ မလွှတ်ချင်တော့ဟု သူမကိုယ်သူမ
အသေအချာသိလိုက်ရသော အချိန်တွင်ပင် ဘူတာရေဒီယိုမှ ခရီးသည်များအတွက် ကြေညာသံထွက်ပေါ်လာသည်။
ရထားထွက်ရန် (၅) မိနစ်သာလိုတော့သည်။
သူမသည်ထိုလက်ကို မလွှတ်ချင်ကြောင်း စိတ်ထဲမှ ဘုရားတလျက် ရေရွတ်နေမိသည်။
သည့်ထက်စောစောက ဆုပ်ကိုင်ခဲ့ရလျှင် သူမလုံးဝလွှတ်မိတော့မှာမဟုတ်၊ ထို့ကြောင့်ပဲနောက်ကျမှ
ရောက်လာလေသလားမသိပါ။ ထိုနေ့ကရထားဘီး စ လှိမ့်သောအသံသည် သူမကို ကမ္ဘာတစ်ခြမ်း ခွဲပေးလိုက်သော
ဝေးကွာမှု၏ စတင်ခြင်းဖြစ်သည်။ ဘူတာစင်္ကြန်မှ မျဉ်းဝါ၏ တစ်ဖက်တွင်ရပ်လျက်ကျန်ခဲ့သော စပို့ရှပ်
အဖြူရောင်နှင့် မိုးပြာရောင် အတွန့်အခတ်လေးများကို ဝေဝေဝါးဝါးသာ မြင်ရတော့သည်အထိ သူမလက်ပြ
နှုတ်ဆက်နေခဲ့မိသည်။ သူမ၏ဝမ်းနည်းခြင်းသည်သာမန်ထက် ပိုသောအရာမဟုတ်ဟု ကြိုးစားပြသပြီးနောက်တော့
ထိုင်ခုံရှေ့ သူမစားပွဲအောက်တွင်ချထားသော ခြင်းတောင်းထဲမှ အိတ်လေးတစ်လုံးကို ဖွင့်ကြည့်လိုက်သည်။
အဲ့သည်လိုဆိုတော့ သူမ၏ ဒဏ်ရာကို ဘယ်သူမှ မမြင်နိုင်တော့ဘူး မဟုတ်လား။ ဒေါက်တာခင်မောင်ညို
ဘာသာပြန်ထားသော ‘See you at the top’ တဲ့။ သူမကို ပြေးလမ်းကြောင်းအစမှ
တာလွှတ်ပေးလိုက်သူသည် ခန့်သက်ခ ဟုခေါ်သည့် ယောကျာင်္လေးတစ်ယောက်ဖြစ်ပါသည်။
××××××××××××××××××××××××××××××××××××××××
သူမပြန်ရောက်လာသော အခါတွင်တော့ ယံယံသည် သူငယ်ချင်းတစ်ယောက် လျော့ပါးနေခြင်းတွင်
နေသားကျပြီးပုံဖြင့် သက်တောင့်သက်သာ တွေ့ရသည်။ နောက်ပြီးယံယံတို့နှစ်ယောက် ပိုပြီး
ပျော်ရွှင်နေကြသည် ဟုလည်းသူမထင်မိသည်။ သူမကိုယ်တိုင်ပဲ ပိုဝမ်းနည်း နေခဲ့တာလားတော့ သေချာမသိပါ။
ယံယံ၏ စိတ်လက်ပျော်ရွှင်ခြင်းတွင် သူမ၏ကြည်နူးခြင်းတည်ရှိပါသည်။ သူမ၏ ရထားခရီးစဉ်များသည်
တစ်ကြိမ်ထက်တစ်ကြိမ် ပိုမို မှန်ကန်လာတော့မည်ဟု သူမတွေးထင်ထားမိပြီးဖြစ်သည်။ ယံယံသည်လည်း
မိန်းကလေးဆန်စွာ နူးညံ့ပျော့ပြောင်းပြီး သွက်လက်နေသူတစ်ဦးအဖြစ် ပိုမိုပီပြင်လာခဲ့သည်။
ထို vacation ရက်များသည် term နှစ်ခုလုံးပြီးခါမှ ရှားပါးစွာ ရောက်ရှိရသော ခရီး ဖြစ်သော်လည်း CD တစ်ချပ်၏ ရိုက်ခတ်မှုဖြင့် မျက်ရည်ကျခဲ့ရသော ရက်များလည်းဖြစ်ပါသည်။
ထိုတစ်ခုသော ညနေက ခန့်သက်ဆိုင်ကယ်နောက်တွင် ယံယံက ထိုင်လျက်သူမထံရောက်လာခဲ့သည်။
‘ကျော်စွာ ခွေကအဆင်ပြေရဲ့လား’
သူမကို မျက်နှာချင်း မဆိုင်ရသေးမီ သူမနောက်မှာ ရပ်နေသော ကျော်စွာထံမေးနေသည်။
ခန့်သက်ခွေကို ကျော်စွာယူထားတာဖြစ်မည်။
‘ဟုတ်၊ ယူသွားတော့မလား၊ ပလေယာကတော့ ဗိုင်းရပ်စ် ကိုက်လို့ကျွန်တော်သတ်ပေးထားတယ်ဗျ၊
သုံးရာကျတယ်နော် မယံ’
ကျော်စွာက နောက်နေလိုက်သေးသည်။ ဒီတော့ ခန့်သက်သီချင်းတွေကို
ကျော်စွာထည့်ပေးနေတာ ယံယံရဲ့ player ထဲကိုပေါ့။ သူမအဝေးကြီးလွင့်ထွက်
သွားသလိုခံစားလိုက်ရသည်။ ကျော်စွာသူ့အခန်းဆီမှ ပြန်ရောက်လာခဲ့သည်။ The
Corrs Unplugged တဲ့။ title စာရွက်၏ အောက်ခြေညာဘက်ထောင့်တွင်
လက်မှတ်တစ်ခုနှင့် အတူ KTK ဟု ရေးထားသည်။ သူမ ခန့်သက်၏ လက်မှတ်ကို
ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်ပါသည်။ သူမကို ပေးခဲ့ဖူးသော စာအုပ်များ
postcard များတွင် ခန့်သက် ဟူသောလူတစ်ယောက်နှင့် ဆက်နွယ်နေကြောင်းပြသည့်
မည်သည့် အမှတ်အသားမှ မပါခဲ့ဖူးပါ။ ယံယံ နှစ်သက်သော music များကို
ခန့်သက် စိတ်ဝင်စားစွာ ဂရုစိုက်ပေးသည်။ သူမသည် လုံးဝ အစွန့်ပစ်ခံ တစ်ဦးကဲ့သို့ အထီးကျန်
သွားသည်။
ညဘက်သူမ၏ အောင်စာရင်းကို သူငယ်ချင်းက ဖုန်းဆက်ပြောချိန်တွင်
သူမ၏ စွမ်းဆောင်ချက် အတွက် ထိုက်တန်သော ရလဒ်၏ တက်ကြွမှု သူမထံထိရောက်ထုံထိုင်းနေသလို
ခံစားရသည်။
‘ဘယ်နေ့ရောက်မလဲ’
ဟူသော မေးခွန်းသံအကြားမှာတော့ သူမထွက်ပေါက်ရသွားသည်။ ဟုတ်တယ်၊
သူမသွားသင့်ပြီ။ သူမကို ဂုဏ်ပြုရန်စောင့်နေသော သူငယ်ချင်းနှင့် စိန်ခေါ်နေသော သင်ခန်းစာများ၊
ဂရုတစိုက်စောင့်ကြည့်နေသော ဆရာ၊ ဆရာမ များဆီ သူမပြန်ရမည်။ နှင်းဆီခြံများရှိသော ရပ်ကွက်တွင်နေသည့်
သူငယ်ချင်းများ၏ ဘဝထဲတွင် သူမက သိမ်မွှားနေခဲ့ပြီ။ ထိုပန်းများသည် သူမပါဝင်ပတ်သတ်ခွင့်မရှိသော၊
မရှိခဲ့သော၊ ရှိလိမ့်မည် မဟုတ်သော ကျန်သူငယ်ချင်းနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ပေးကြရန်သာဖြစ်သည်။
သူမကတော့ အဝေးရောက်သွားသင့်သော ပုံပြင်တစ်ပုဒ်သာဖြစ်သည်။ ထိုအခေါက်ကလည်း သူမကိုဘူတာလိုက်ပို့ကြတော့
ယံယံသည် အရင်အခါအတိုင်း သူမလက်ကိုတွဲလျက်၊ ခန့်သက်သည်လည်း သူ၏ လက်ကို ကမ်းပေးလျက်၊
သူမသည်လည်း အသက်ရှုရန်မေ့စွာ လက်ပြနှုတ်ဆက်လျက်။
××××××××××××××××××××××××××××××××××××××××
စာမေးပွဲ နှစ်ခုပြီးသွားပြန်သည်။ များပြားလှစွာသော လူများ၊ ပစ္စည်းများနှင့်
ရထားတွဲများကြားမှပင် သူမက သေသေချာချာသိလိုက်သည်။ ချိုချိုအီအီလည်းမဟုတ်၊ ပြင်းပြင်းရှရှလည်းမဟုတ်ပဲ
သိပ်လည်းမနူးညံ့လှသည့် ရနံ့တစ်ခု ခန့်သက်ဆီမှဟု တပ်အပ်ပြောနိုင်စွာ သူမရလိုက်သည်။ ဆံပင်အနည်းငယ်တိုသွားတာကလွဲလို့
အခြားထူးထူးခြားခြား ပြောင်းလဲမှုမရှိသော ခန့်သက်က စိတ်ဝင်စားမှုတွေများ ပြောင်းသွားပြီလား။
သူမ၏ သံသယကို ကျော်စွာကဖြေပေးသည်။ သူမကိုမှာထားသော tennis shoes ဗူးထည့်ထားသော အိတ်ကို ဆွဲလျက်
သူမကိုမြင်တော့ ကျော်စွာအလွန်ပျော်သွားခဲ့သည်။ သူမတော်လို့မဟုတ်ပါ၊ သူမသူငယ်ချင်း စိုင်းက
ရွေးပေးလိုက်တာဖြစ်သည်။ ကျော်စွာ့ အခန်းက အရင်လို ကလေးတစ်ယောက်အခန်းမဟုတ်တော့၊ ဆယ်ကျော်သက်ကလေးတို့၏
နုနယ်လန်းဆန်းမှုနှင့် အတူ အနည်းငယ်ရှုပ်ပွစွာ ဆယ်ကျော်သက် ပီသနေသည်။ သူမက ဦးထုပ်များ
တင်ထားသော စင်ပေါ်ရှိ ထောင့်ဘက်မှ ပုလင်းလေးကို မြင်ဖြစ်အောင်မြင်လိုက်သည်၊ အဖုံးကိုဖွင့်ကာ
လက်ကောက်ဝတ်နေရာသို့ ထည့် ကျန်လက်ဖနောင့် ဖြင့်ပွတ်ကာ ရှုကြည့်တော့ ထိုရနံ့ကို သူမသိလိုက်သည်။
တစ်ကြိမ်သာရရှိဖူးသော ရေမွှေးနံ့တိုင်းကို သူမမှတ်မိရန် မသေချာသော်လည်း သည်တစ်ကြိမ်ကတော့
သေချာသည်။
‘မယံ ပေးထားတာဗျ၊ နမူနာတွေလို့ ပြောတာပဲ’
သူမရင်ဘတ်ထဲ စူးစူးနင့်နင့်တစ်ချက်အောင့်သွားသည်။ မနှစ်ကသူမပေးထားသောအိန္ဒိယပြည်ဖြစ်
အိပ်ရာခင်းအား ခန့်သက် အသုံးပြု မပြု သူမမသိပါ၊ အသုံးပြုဖို့မတောင်းဆိုဖူးသလို သုံးသလားဟုလည်း
သူမမေးကြည့်ခဲ့ဖူးပါ။ သူမစားပွဲပေါ်တွင် တင်ထားခဲ့သော ကော်ဖီခွက်လေးများကိုပြန်မြင်ယောင်သွားသည်။
ထိုချစ်စရာ ရောင်စုံခြယ်လေးများသည် ခန့်သက်ခ၏ ဘယ်နေရာ ဘယ်အစိတ်အပိုင်းမှာများ နေရာယူနိုင်မှာပါလိမ့်။
သူမတို့သုံးယောက်အတူရှိနေခြင်း၏ ပျော်ရွှင်မှုသည် သပ်သပ်ရှိနေပြီး
သူမနှင့် ခန့်သက်ကြား ကာဆီးထားသော ဝေးကွာမှုက သပ်သပ်ရှိနေသည်။ ထိုရှုပ်ထွေးခဲ့ရသော နေ့ရက်များထဲတွင်
ခန့်သက် တစ်ယောက်တည်း သူမထံရောက်လာသော နေ့သည် ရှားပါးသော်လည်း ထိုနေ့ကတော့ တစ်ယောက်တည်းပဲဖြစ်သည်။
သူမတို့နှစ်ယောက် ဧည့်ခန်းတွင် စကားပြောနေခိုက် ကျော်စွာက ဖုန်းကိုင်ကာ ဝင်လာသည်။
‘ကိုစိုင်း’
သူမကိုဖုန်းလှမ်းပေးရင်း ပြောသည်။ ‘တဲ့’ ဟူသောစကားလုံးလေးသာပါခဲ့လျှင်
သူမပိုပြီး စိတ်သက်သာရာရလိမ့်မည်။
‘ခဏလေးနော်’
သူမ ဝရံတာဘက်သို့ ထွက်လိုက်သည်။ သိပ်မကြာလိုက်သော်လည်း သူမပြန်ဝင်လာတော့
ခန့်သက်သည် လက်တစ်ဖက်က သော့ကိုကိုင်ကာ တစ်ဖက်က ဆိုင်ကယ် ဘထ္ထရီလဲရန် အိတ်ကို ဆွဲထားပြီး
မတ်တပ်ရပ်ပြီးသာ ဖြစ်နေသည်။ သူမကဖုန်းကို ဘောင်းဘီနောက်အိတ်ထဲအလွယ်ထိုးထည့် ရင်း အံ့အားသင့်နေခိုက်
‘ပြန်တော့မယ်’ တဲ့။
ထိုကဲ့သို့ သူမမမျှော်လင့်ထားခဲ့ပါ။ အိမ်အပြင်ရောက်တော့ ခန့်သက်
ဆိုင်ကယ်ထောက်က တစ်ချက်တည်းနှင့်မပြုတ်ပါ။ ဘယ်ဘက်လက်ကိုင်တွင် ဘထ္ထရီအိတ်ကို ချိတ်ဆွဲထားလျက်နှင့်ပင်
သော့ဖွင့်ပြီးတော့ start ခလုတ်ကို နှိပ်နေသည်။
ဆိုင်ကယ်မှ တပ် တပ် အသံမြည်တော့မှ kick သည်။ သူမရောက်ပြီးကတည်းက
လွယ်ကူစွာ နှိုး၍ ရနေသော ဆိုင်ကယ်သည် တစ်ချက် kick လည်းမရ၊ နှစ်ချက်လည်းမရ၊
သုံးချက်မြောက်တွင် ချော်ထွက်သွားသည်။ ခန့်သက်က သူ့ဖိနပ်ကို သေချာပြန်စွပ်ပြီးနှိုးရာ
နောက်နှစ်ချက်မြောက်တွင်မှ စက်နှိုးသွားသည်။
သူမဘယ်လိုပင်ကြိုးစားရှာဖွေသော်လည်း ခန့်သက်ကသူမကို တစ်ချက်တောင်
ပြန်မကြည့်သောကြောင့် သူမတိကျစွာ မဝေခွဲနိုင်ပါ။ ခန့်သက်၏ ဆိုင်ကယ်က အနည်းငယ်ဆောင့်ထွက်သွားသည်ဟုထင်ရသည်။
ထိုအရာသည် ခန့်သက်ထံမှ ပထမဆုံးနှင့်နောက်ဆုံးရရှိသော ပွင့်လင်းမှုဖြစ်သည်။ ထိုနေ့က သူမသည်
အလိုလိုနေရင်းဖြင့်လှိုက်မောရီဝေနေခဲ့ရသည်။
နောက်တစ်နေ့ သုံးယောက် အပြင်ထွက်တော့ ခန့်သက်၏ မျက်နှာထားနှင့်
သူမ၏ ပုံစံတို့ကိုကြည့်ကာ ယံယံက ပခုံးနှစ်ဖက်တွန့်ပြသည်။ ပွဲ အခင်းအကျင်း၏ café ထဲတွင် ယံယံနှင့်ခန့်သက်က မျက်နှာချင်းဆိုင်တွင်ထိုင်ကာ
သူမကစားပွဲထိပ်တွင်ထိုင်သည်။ ပိုက်ထည့်သည့် အပေါက်ပါသော အဖုးံနှင့် plastic
ခွက်လေးများထဲမှ ကော်ဖီများ တစ်ဝက်နီးပါးရောက်ချိန်တွင် ယံယံ ကသက်ဝင်လှုပ်ရှားမှုကို
စတင်သည်။
‘ခန့်သက် နင့်ညာဘက်ထောင့်စားပွဲမှာ ထိုင်နေတဲ့ ကောင်မလေးတစ်ယောက် နင့်ကိုကြည့်နေတယ်’
‘ဟုတ်လား၊ ငါချောလို့ဖြစ်မှာပေါ့’
ခန့်သက်၏ ရယ်မြူးမြူး ပြန်ပြောသော စ နောက်သံတွင် သူ့မျက်ဝန်းဆီမှ
အက်ကွဲမှု ပြိုလဲမှုတို့ကို ဖယ်ရှားပစ်လိုက်ပြီဖြစ်သည်။ သူမက စိတ်သက်သာစွာ တစ်ချက်ရယ်လျက်
ယံယံပြသော ကောင်မလေးကို ခန့်သက်ကျောဘက်မှကျော်၍ လှမ်းကြည့်တော့ အသားဖြူဖြူ ချစ်စရာကောင်းသော
အသွင်အပြင်နှင့် ကောင်မလေးက သူမအကြည့်ကို မျက်လွှာချသွားသည်။ ရောင်စုံအဆင်းလေးများပါသော
ရှပ်လက်ရှည်နှင့် ဂျင်းပန် အပြာဖျော့ဖျော့ကို ဝတ်ထားသော ခန့်သက်က အခြားသော သူနှင့်သက်တူရွယ်တူများနှင့်မတူ
ငြိမ်ငြမ်သက်သက်မြင်ရသည်။
အဲ့သည်အချိန်မှာပင် သူမကိုယ်သူမကောင်းကောင်းသိသွားတာတစ်ခုရှိသည်။
သူမချစ်ရသောသူများသည် ဘယ်သူ့အတွက် ဘာကြောင့်ပဲ ပြုံးရွှင်နေကြပါစေ၊ ထိုအတွက်သူမဘယ်လိုပဲပေးဆပ်ထားရပါစေ
သူမကျေနပ်နိုင်သည်ဆိုတာပဲဖြစ်သည်။
‘သုံးခါလောက်ရှိပြီ ထင်တယ်’
သူမပြောတော့ ထိုမိန်းကလေးကို တစ်ချက်မှ လှည့်မကြည့်သော ခန့်သက်၏
‘မဖြစ်နိုင်တာ’
တုံ့ပြန်မှုကြောင့် သူမဝမ်းသာသွားရသည်။ ယံယံ ကထပ်ပြောသည်။
‘ငါ့ကို လောင်းရဲလား၊ သူတို့ပြီးပြီ၊ သွားတော့မှာ၊ ဒီဆိုင်ထဲက မထွက်ခင် တစ်ခေါက်တော့
ကြည့်ကိုကြည့်ဦးမှာ၊ ကဲ ပြော’
‘မကြည့်ဘူး’
ခန့်သက်၏ ရွေးချယ်မှု။
‘ကြည့်မှာ’
သူမ၏ ရွေးချယ်မှု။ ထိုအလောင်းအစားမပါပဲ၊ ခန့်သက်၏ နှုတ်ဆိတ်နေခြင်းကို
ကြိုးစား ဖယ်ဖျက်နေရခြင်းမပါပဲ တကယ့်စိတ်ရင်းအရဆိုလျှင် သူမသည် ထိုမိန်းကလေးအား နောက်တစ်ကြိမ်ပြန်မကြည့်စေချင်တော့ပါ။
သို့သော် မိန်းကလေးသည် waiter ၏ပြန်အမ်းငွေကိုယူ
အိတ်ထဲတည့်ပြီး မတ်တပ်အရပ်တင်တော့ အကြည့်တစ်ချက်သည် ဆံပင်စင်းစင်းလေးများနှင့်အတူ ဝေ့ဝဲသွားသည်။
သူမ၏ ပူစပ်သွားသောရင်ကို လက်ကျန်ကော်ဖီအား ဆုပ်ယူငြိမ်းသက်လိုက်ရသည်။
ထိုညက ယံယံက သူမအားအဖော်ပြုပေးခဲ့သည်။ (၁၂) နာရီကျော်တော့ ကျော်စွာက
သူ့အခန်းထဲဝင်သွားသည်။ အပေါ်ထပ် တီဗီရှေ့တွင် သူမတို့နှစ်ယောက်တည်းကျန်နေခဲ့သည်။
August Rush ဖြစ်လာမည့် ကလေးသည် ဘုရားကျောင်းထဲမှ choir သံများဆီ သို့လျှောက်လာနေသည်။
‘နင်သွားနေတဲ့လမ်းက တစ်ဖြည်းဖြည်း ငါတို့နဲ့ ပိုပို ဝေးဖို့ဖြစ်နေတာ ခန့်သက်က
လက်ခံလို့မရသေးဘူး’
တီဗီဖန်သားပြင် တစ်ချက်ဝေဝါးသွားသည်။ သူမခေါင်းကိုတစ်ချက်ဆတ်ကာ
ထိုင်ခုံ လက်တန်းပေါ်တင်ထားသော လက်ချောင်းများကို နားထင်စပ်ရှိ ဆံပင်များကြားသို့ ထိုးသွင်းလိုက်မိသည်။
‘ငါကိုယ်တိုင်လည်း အဲ့လိုပဲ ခံစားနေရတာပါ’
သူမအသံတည်ငြိမ်နေခြင်းအတွက် သူမကိုယ်သူမ ကျေးဇူးတင်မိသည်။ ယံယံက
သူမဖက်လှည့်ကြည့် သည်။
‘ငါကတော့လေ…’
ခဏရပ်သွားသည်။
‘နင်လုပ်တဲ့အရာတွေဟာ နင့်ရဲ့ ကိုယ်ပိုင်ရယူလိုတဲ့ ဆန္ဒရှိတဲ့အရာတွေကိုဖြည့်ဆည်းဖို့
ကြိုးစားတဲ့ အလုပ်တွေပဲ ဖြစ်စေချင်တယ်’
ကိုယ်ပိုင်ရယူလိုချင်တဲ့ ဆန္ဒရှိတဲ့အရာ? သူမရယူလိုသော အရာသည်…။
သူမ၏ဆန္ဒကတော့ သူငယ်ချင်းနှစ်ယောက်၏ အကန့်အသက်မဲ့ လွတ်လပ်စွာသော ပျော်ရွှင်မှု ဘဝဖြစ်သည်။
ဒါကို ဖြည့်ဆည်းဖို့ဆိုလျှင် သူမရွေးချယ်သော လမ်းသည် အမှန်ကန်ဆုံးသော အရွေ့ဖြစ်သည်။
‘ငါတကယ်ပြောတာပါရွှေရည်’
သူမက ယံယံကိုပြုံးလျက်ကြည့်လိုက်ပြီး ယံယံ၏ ဆံပင်ခွေလေးများကိုတို့ထိနေမိသည်။
‘ကျေးဇူးပါကွာ’
သူမပုခုံးပေါ် ယံယံ၏ ဦးခေါင်းမှီချလိုက်သည်။ August Rush ၏ ဖျော်ဖြေပွဲသို့
guitar ပညာရှင်အဖေနှင့် cellist အမေတို့က နောက်ကြောင်းပြန်လှည့်ကာ
ကြည့်ကြသည်။ အသံတွေနောက်လိုက်လျှင် မိသားစု ပြန်စုံနိုင်မည်၊ သူ့ဖျော်ဖြေသံကို လူများများကြားခြင်းသည်မိသားစု
ပြန်လည်စုံဆည်းဖို့ နီးစပ်စေနိုင်သည်ဟူသော ယုံကြည်မှုသည် တကယ် မှန်ကန်သွားခဲ့သည်။ သူမကတော့
ဘဝ လမ်းကြောင်း၏ စိန်ခေါ်မှုနောက်လိုက်ရင်း
လိုက်ရင်း ဘယ်သောအခါမှ ပြန်မရနိုင်တော့မည့် သူငယ်ချင်းများ၏ ပိုပိုဝေးရာသို့သာ ရောက်နိုင်တော့မည်ဟု
သူမတွေးထင်ခဲ့ပြီးသား ဖြစ်သည်။
×××××××××××××××××××××××××××××××××××××××××
တတိယမြောက်နှစ်တွင် သူမအိမ်မပြန်နိုင်ခဲ့ပါ။ သူမတို့ group ၏ project ကိစ္စအတွက်
စက်လှေလုပ်ငန်းရှင်များအသင်းရုံးများ၊ ငါးဖမ်းပစ္စည်းအရောင်းဆိုင်များ၊
internet café များတွင်သာ နေ့စဉ်ရက်ဆက် အချိန်ကုန်ခဲ့ရသည်။ ခက်ခဲပင်ပန်းစွာ
ကြိုးစားခဲ့ရသော သုံးပတ်တာ ကာလ၏ ရလဒ်ကလည်း ထိုက်တန်ခဲ့ပါသည်။ သူမတို့ Red
party ကျင်းပမည့် နေ့လည်တွင် ယံယံနှင့် ခန့်သက်က ကန်ပတ်လမ်း ဟိုတယ်တွင်
ရောက်နေခဲ့ပြီ။ major excursion ရှိသောယံယံ နှင့် အလုပ်ဝင်ရန်
ဦးလေးကခေါ်နေပြီဖြစ်သော ခန့်သက်တို့ အရင်နှစ်တွေက အတိုင်း သူမတို့ သုံးယောက်တွေ့ဆုံနိုင်ရန်
ရောက်လာခဲ့ကြသည်မှာ သူမရင်ကို လှုပ်ခတ်သွားစေလောက်အောင် ကြည်နူးသွားသော်လည်း သူမ၏ ကြိုတင်စာရင်းပေးသွင်းချင်းများကို
ဖျက်မိဖို့အထိ မယိုင်လဲစေအောင် သူမခိုင်မာနေခဲ့ပြီ ဖြစ်သည်။ စိုင်းက ဧည့်ဝတ်ပြုရုံသာ
မဟုတ်သော ဖိတ်ခေါ်မှုဖြင့် party ကို ဖိတ်ခေါ်သော်လည်း ယံယံက သိသိသာသာ
ခရီးပန်းနေသည်။
စိုင်းနှင့်ခန့်သက် အခန်းထဲမှ ထွက်သွားချိန်တွင်တော့ သူမက ယံယံ၏
ခရီးဆောင်သေတ္တာကိုဖွင့်ကာ မျက်နှာသုတ်ပုဝါ နှင့် ရေချိုးခန်းသုံးပစ္စည်းများကို ထုတ်ပေးနေခဲ့သည်။
အိတ်အနားမှ ကျောခိုင်းတော့မည့် အချိန်တွင် ခုတင်ပေါ်တွင် လက်နှစ်ဖက်ကို နောက်ပြန်ထောက်ကာ
ထိုင်လျက် သူမအား ထူးဆန်းစွာကြည့်နေသော ယံယံကို တွေ့ရသည်။ သူမမျက်နှာသုတ်ပုဝါကို ပခုံးပေါ်တင်ပြီး
ဆပ်ပြာများထည့်ထားသောအိတ်ကို ခုတင်ဘေးရှိ မီးအုပ်ဆောင်းတင်ထားသော စားပွဲပေးသို့ချကာ
ယံယံ့ ရှေ့တည့်တည့်သို့ လျှောက်သွားခဲ့သည်။ ယံယံသည် သူမအား မမှိတ်မသုန်ကြည့်နေရာမှ
လက်နှစ်ဖက်ကို သူမခါးဆီသို့ သိုင်းဖက်ကာ သူမရင်ခွင်တွင် မျက်နှာအပ်လျက် ကလေးတစ်ယောက်ကဲ့သို့
ငိုကြွေးတော့သည်။ သူမသည် တစ်သိမ့်သိမ့်တုန်နေသော ယံယံ၏ ကျောပြင်ကို အလိုက်သင့်ဖက်လျက်
သူမမျက်ရည်တို့ကိုတော့သုတ်ဖို့ မေ့လျော့သွားခဲ့သည်။ ယံယံသည် သူမအတွက် ချစ်ခင်ကြင်နာဖွယ်ရာ
ညီမလေး တစ်ယောက်လည်းဖြစ်ပါသည်။
သူမအဆောင်မှ ပစ္စည်းအားလုံး သိမ်းဆည်း ထုပ်ပိုးပြီးသော နေ့သည်
မန္တလေး ဘူတာကြီးတွင် သူမတို့ပြန်ခွဲခွာသော နေ့ဖြစ်သည်။ သူမက အစုန်၊ ယံယံနှင့် ခန့်သက်က
အဆန်။ သည်လိုပုံစံမျိုးနှင့် သူမတို့ရဲ့အချိန်တွေကို ကုန်ဆုံးခဲ့တာတော်တော်ကြာခဲ့ပါပြီ။
ယံယံ၏ မျက်နှာငယ်လေးကို သူမလက်ချောင်းများဖြင့် ပွတ်သပ်တို့ထိရာမှ ကြိုးစားပြုံးပြလိုက်မိသည်။
တကယ်တော့ သူမကိုယ်တိုင်လည်း ရှိသမျှခွန်အား အကုန်ထုတ်သုံးလိုက်ရလို့ အနည်းငယ်များ မအီမသာ
ဖြစ်နေမလားမသိ။ ခန့်သက်ကိုတော့ မျက်နှာချင်းဆိုင် လက်ဆွဲနှုတ်ဆက်အမျိုးအမည်မသိသော ခံစားချက်များကို
ချုပ်ထိန်းထားလျက် ဘာမှမရှိချင်ဟန်ဆောင်ထားသော မျက်ဝန်းများကို ရှုပ်ထွေးနောက်ကျိစွာ
ကြည့်မြင်ရသည်။
သူမရထားထိုင်ခုံပေါ်ထိုင်ပြီးချိန်တွင်တော့ စိုင်းက သူ့ပိုက်ဆံအိတ်
ခေါက်ထဲမှ လိပ်စာကဒ်လေးတစ်ခုကို ထုတ်ပေးသည်။ AK Battery,
Dynamo & Wiring Services ဟုရေးထားသည်။
‘နင်လိုတာရှိရင်ကူညီပေးနိုင်လိမ့်မယ်၊ အားနာစရာလို့သဘောမထားနဲ့၊ ငါလာရင်လည်း
အဲ့ဒီမှာပဲနေဖြစ်မှာ၊ နော်…’
နှုတ်နှေးစွာ တောင်းဆိုရန်ခက်ခဲတတ်သည့် သူမကို စိုင်းက စိတ်မချဖြစ်နေခဲ့သည်။ ‘ငါလာရင်…’ ဆိုသော စကားပြောချိန်တွင်တော့
ခန့်သက် ဦးခေါင်းက မတ်မတ်တည့်တည့်ဖြင့် အကြည့်က စူးစိုက်သွားသည်။ သူမသတိထားမိသော်လည်း
စိုင်းကိုသာ
‘အင်းပါ၊ နင်သာ ရက်အရမ်းကပ်မှ လာတာမျိုးမလုပ်နဲ့’
ဟန်မပျက်ပြောလိုက်သည်။ ဘယ်လိုလုပ်မလဲ ခန့်သက်ရယ်၊ အရာရာတွေက
နောက်ကျနေခဲ့ပြီ။ အခုမှတော့ ဘာကိုမှစတင်ဖို့ မဖြစ်နိုင်တော့။ နောက်တစ်နှစ်အကြာ အပြည်ပြည်ဆိုင်ရာ
လေဆိပ်တွင် ယခုကဲ့သို့ လက်ဆွဲ နှုတ်ဆက်ပြီးလျှင် အဆုံးသတ်သွားတော့မှာပဲ ဖြစ်သည်။
သူမကို ပူပန်စွာ ဖော်ပြုပေးခဲ့သော စိုင်းသည် ခြောက်လ အကြာတွင်
စာမေးပွဲပါ main campus တွင်ဖြေရန် ထွက်သွားခဲ့သည်။ သူမ
mail ထဲတွင်တော့ စိုင်းထံမှ စာများ postcard များ
ယခုအချိန်ထိ မပြတ်မလပ် ရောက်ရှိနေခဲ့သည်။ ထိုအချိန်များမှ စ၍ သူမသည် ဖုန်းမပြောဖြစ်သော
နေ့များတွင် အခန်းထဲတွင် ရေဒီယိုကို ဖွင့်ကာနေတတ်သော အကျင့်တစ်ခုရလာခဲ့သည်။ တိတ်ဆိတ်ခြင်းသည်
ငြိမ်းချမ်းစေသော်လည်း တစ်ခါတစ်ရံတော့ သူမသည်လည်း လူတစ်ယောက်ပဲမို့ နာကျင်ခြင်းများကို
ချွေးသိပ်ပေးမည့် တစ်စုံတစ်ရာကို လိုချင်မိသောကြောင့်ဖြစ်သည်။
×××××××××××××××××××××××××××××××××××××××××
ဒီဇင်ဘာလ၏ နောက်ဆုံးပတ်တစ်ခုတွင် သူမအိမ်ပြန်ရောက်ခဲ့သည်။ နောက်ဆုံးအကြိမ်လည်းဖြစ်သည်။
သူမတို့သည် Happy New Year! ဟု အကြိမ်ပေါင်းများစွာ အခြေအနေ
အမျိုးမျိုးမှ အနေအထားအမျိုးမျိုးဖြင့် နှုတ်ဆက်ဖူးသော်လည်း မီးပုံကို အလယ်မှာ ဖိုကာ
သုံးယောက်အတူတူထိုင်ရင်း မကြိုဆိုခဲ့ကြဖူးပါ။ နှင်းများ ထူထပ်စွာ ဖုံးပိတ်နေသော တောင်များကြားမှ
ကောင်းကင်အရာင်ကို အမျိုးမျိုးပြောင်းစေ ပြီးမှ ဝိုင်းစက်စွာမြင်ရသည့် နေလုံးကြီးကို
ဝရံတာ လက်ရမ်းအားအနည်းငယ်မှီကိုင်းပြီး အတူမကြည့်ခဲ့ကြဖူးပါ။ ထိုနောက်ဆုံးညနှင့် ပထမဆုံး
နံနက်သည် လွန်ခဲ့သော နှစ်အနည်းငယ်က ဂျင်းဂျာကင်ကိုဝတ်၊ ကြိုးထုံးထားသော လွယ်အိတ် ပခုံးထက်လွယ်လျက်နှင့်
စက်ဘီးလက်ကိုင်အလယ်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ တွန်းခဲ့သော သူအပေါ်အကြည်လင်အဖြူစင်ဆုံးသော
ခံစားမှုဖြင့် အေးချမ်းခဲ့ရသော ကာလများအတိုင်းပြည့်စုံခြင်းကို ပြန်လည်ခံစားရသော အချိန်များ
ဖြစ်ခဲ့သည်။
အိမ်မှ ရန်ကုန်ပြန်ရောက်တော့ application
form များ၊ ရုံးများ၊ လူတွေ့ဖြေခြင်းကိစ္စများဖြင့် ရှုပ်နေခဲ့ရပြန်သည်။
စောင့်ဆိုင်းရန်သာကျန်တော့သော အချိန်တွင် လိုအပ်မည်ထင်သည့် ပစ္စည်းအချို့ကို သူမစဉ်းစားဝယ်နေသော
တစ်ရက် စာအုပ်စင်များထဲမှ Internal Structures & Designing ဟူသော စာအုပ်ကို တွေ့ခဲ့သည်။ လက်မှတ်တစ်ခုထိုးထားကာ လက်ထောက်ကထိကဟု ရေးထားသော
ထိုငှားထားသောစာအုပ်ကိုကိုင်ရင်း
‘ဒါသာတကယ်ပိုင်ပြီဆိုရင် ဘာလာလာပွဲသိမ်းပဲ’
ခန့်သက်ပြောခဲ့ဖူးတာကို သူမမှတ်မိသည်။ သူမ ဈေးဝယ်ခြင်းတောင်းထဲ
ထိုစာအုပ်ကို ထည့်လိုက်သည်။
ယံယံနှင့် ခန့်သက် သူမထံရောက်ဖို့ အနည်းဆုံး သုံးပတ်တော့ လိုဦးမည်။
အဲ့ဒီအချိန်ထိမစောင့်ပဲ အမြန်ချောဖြင့်ပို့လျှင် တစ်ပတ်အတွင်း ခန့်သက်ဆီရောက်သွားမည်။
ထိုအကြောင်း ခန့်သက်ဆီပြောရမည်ဟူသော အတွေးဖြင့် ခန့်သက်ရှိသော သူ့ဦးလေးအိမ်ကို ဖုန်းခေါ်လိုက်သည်။
‘ဟယ်လို’
ဟူသော ရင်းရင်းနှီးနှီးအသံတစ်ခုကြောင့် သူမခြောက်ခြားသွားရသည်။
ယံယံ့အိမ်နှင့် ခန့်သက်အလုပ်က မိုင် (၇၀)
လောက်ဝေးသည်။ သူမရုတ်တရတ် ဆွံ့အသွားသည်။ ပြောဖြစ်လိမ့်မည်ဟုစဉ်းစားထားသော
စကားများနှင့် အကြောင်းအရာများ ခဏမေ့လျော့သွားခဲ့သည်။
‘ယံယံ’
ဖုန်းခေါ်သူက သူမမှန်းသိသွားတော့ ယံယံ၏ ဝမ်းသာမှုက သိသာစွာကြားနေရသည်။
အလည်လာတာတဲ့လား။ လွန်ခဲ့သောနှစ်လလောက်က
‘အလုပ်ပ၊ဲ ဘာထူးခြားမလဲ၊ ဒီအတိုင်း လူတိုင်းရဲ့ အလုပ်လိုပဲပေါ့’
ဟုငြင်းဆန်ခဲ့ဖူးသည့်အပြင်
‘အဲ့ဒီမှာ နင်စိတ်ဝင်စားစရာမရှိပါဘူး’
ဟု အသွားမလွတ်သော ပြတ်တောင်းတောင်းပိတ်ပင်မှုဖြင့် သူမ၏နဖူးကြောများတင်းသွားသည်
အထိ စိတ်လှုပ်ရှားစွာ လွင့်ထွက်သွားသော ဒေါသကို လျစ်လျူရှုခဲ့သူသည် ခန့်သက်ကိုယ်တိုင်
ဖြစ်ပါသည်။ ဘယ်အချိန်တွင် ပြန်ဆုံတွေ့ရမည်ဟု မသေချာသော သူငယ်ချင်း မိန်းကလေးတစ်ယောက်အား
သူ၏ လုပ်ငန်းခွင်ယောကျာင်္းတစ်ယောက်ဘဝကို မမြင်စေချင်ခဲ့သူသည် ခန့်သက်ခဖြစ်သည်။ သူမဦးခေါင်းကို
တစ်စုံတစ်ခုက ထိုးနှက်လိုက်သလို ဆောင့် တက်သွားပြီး ထိုနေ့က သူမနှင့် ယံယံ ပြောနေခဲ့သော
အကြောင်းအရာများသည် မည်သည့်အကြောင်းအရာများ ဖြစ်သည်ဟု လုံးဝ မမှတ်မိနိုင်လောက်အောင်
သူမကယောင်ကတမ်းဖြစ်ခဲ့ရသည်။
×××××××××××××××××××××××××××××××××××××××××
အကြိမ်များစွားကြုံခဲ့ဖူးသည့်အတိုင်း ထွက်ခွာမည့် နေရာတွင် အများနည်းတူ
ယံယံ၊ ခန့်သက်၊ ကျော်စွာ နှင့် သူမတို့ ရပ်နေခဲ့ကြသည်။ ယံယံကိုယ်တိုင် တိတ်ဆိတ်နေသော
နေရာတွင် စကားများကို လမ်းကြောင်းတစ်ခုပေါ်သို့ မည်သူမှမတင်နိုင်ခဲ့ကြပါ။ အရင်အကြိမ်များနှင့်
မတူသည်မှာ ယံယံ သည်ဟန်ဆောင်ခြင်းဖြင့်ကြိုးစားရပ်တည်နေခဲ့ပြီး ခန့်သက်က လက်မကမ်းပေးတော့တာပဲဖြစ်သည်။
ခန့်သက်သည် သူမ၏ ပုခုံးပေါ်မှ သူ့လက်များကိုကျော်၍ ရှေ့အနည်းငယ်ကိုင်းကာသိုင်းဖက်လိုက်သည်။
မထင်မှတ်သော အပြုအမူကြောင့် သူမအံ့သြသွားသော်လည်း သတိပေးချက်ကသူမထံ အချိန်မီ ရောက်လာသည်။
မိတ်ဆွေကောင်းတို့၏ ခွဲခွားခြင်းအထိမ်းအမှတ်။ သူမကိုယ်က အလိုက်သင့်ပါသွားသော်လည်း
ဦးခေါင်းကို မှီဖို့မကြိုးစားခဲ့၍ ခန့်သက်၏ နှလုံးခုန်သံလည်း မကြားခဲ့ရပါ။ ထိုနေ့က
မျက်ဝန်းထောင့်များတွင် စွန်းပေခဲ့သော အရာသည် ခက်ခဲစွာရှုရှိုက်လိုက်သော အသက်ရှုသံကြားမှ
အစူးနင့်ဆုံးသော နာကျင်မှုဖြင့် စီးဆင်းလာသော အပိုင်းပိုင်းအစစ စုတ်ဖွာနေသော သူမ၏ နှလုံးသားသာဖြစ်သည်။
သည်တစ်ခါသူမကို လက်ကမ်းပေးသောသူသည် ကျော်စွာဖြစ်သွားခဲ့သည်။
သူမလှည့်အထွက်တွင် ယံယံက ကပ်လျက်ရှိ ခန့်သက်၏ တံတောင်နားဆီ လက်လှမ်းလိုက်တာ မြင်လိုက်သည်။
ထိုမြင်ကွင်းကို ဝမ်းနည်းအားငယ်ဖို့ အင်အားသူမတွင်မကျန်တော့ပါ။ ယံယံ၏ အပြုအမူသည် သူမအပေါ်နာကျင်ခြင်းသက်ရောက်စေလိုသော
ဆန္ဒလုံးဝမရှိပဲ အရိုးသားဆုံးသော စိတ်ခံစားမှုဖြင့် ဝမ်းနည်းမှုအတွက် ဖြေသာရာရှာလိုက်မိသည်
ဆိုတာ သူမသေချာသိနေသောကြောင့်လည်း ပြန်လှည့်မကြည့်တော့ပါ။ ဟုတ်တယ်၊ မှန်တယ်၊ သည်အခြေအနေ၊
သည်အနေအထားနှင့် သည်ရပ်တည်မှုပုံစံသည် ယံယံအတွက်ကော ခန့်သက်အတွက်ပါ အသင့်လျော်ဆုံးနှင့်
အလိုက်ဖက်ဆုံးဖြစ်သည်။ သို့သော်သူမ နေကာမျက်မှန်ကိုတော့ ထုတ်ကာတပ်လိုက်ရပါသည်။
အိပ်မပျော်သောညများတွင် အဓိပ္ပါယ်နားမလည်သော ကောင်းကင်ကြီးကိုကြည့်ရင်း
မေးခွန်းပေါင်းများစွားဖြင့် အဖြေမရနိုင်သောသူမထံသို့ ခန့်သက်၏ mail ရက်စွဲများက တစ်ခုနှင့်တစ်ခုခြားလွန်းလှသည်။ အကြောင်းကိစ္စတစ်စုံတစ်ရာ မရှိပဲ
ဖုန်းမပြောဖြစ်ကြသော်လည်း သူမ၏အခန်းရှေ့ စာတိုက်ပုံးထဲတွင်တော့ ကြယ်စင်ယံ သို့မဟုတ်
ခန့်သက်ခ ဟုလက်မှတ်ရေးထိုးလျက် တစ်ခုမဟုတ်တစ်ခုတော့ မကြာမကြာရောက်နေတတ်ခဲ့သည်။ စိုင်းကတော့
ပြေးပြေးလွှားလွှားဖြင့် လှုပ်ရှားနေရခြင်းများမှ
သူ့ရုံးခန်းသို့ပြန်ဝင်သော အချိန်များတွင် သူမထံဆက်သွယ်တတ်သည်။
ထိုနေ့က အပြင်မှ ရုံးခန်ထဲပြန်အဝင်
‘မင်းအတွက်ဖုန်းလာတယ်၊ ဟိုမှာကပ်ထားတယ်’
ဟုသတင်းပေးခြင်းခံရတော့ ကွန်ပျူတာမော်နီတာမှ စာရွက်ဖြူလေးဆီလျှောက်လာရင်း
စိုင်းပဲဖြစ်ရမည်ဟုထင်နေခဲ့သည်။ စာရွက်တွင်ရေးထားသော space တစ်နေရာမှမပါသော နာမည်ကိုသူမချက်ချင်း
နားမလည်ပါ၊ ဘယ်သူပါလိမ့်။ G အက္ခရာနှင့်စတင် စာလုံးပေါင်းသော အသိမိတ်ဆွေ
သူမတွင် မရှိဟုထင်ပါသည်။ နောက်ဘက်မှ yaung ဟူသောစာလုံးကြောင့်
သူမခပ်မြန်မြန်ပြန်အသံထွက်ကြည့်တော့ အသံနှင့် ဘာသာစကား ဖလှယ်မှုများကြားမှ မတူညီသောပုံစံဖြင့်
စာလုံးပေါင်းထားသော ယံယံ၏ နာမည်ဆိုတာသူမသိသွားသည်။ သူမ၏ ပြောင်းလဲသွားသော ရုံးဖုန်းနံပါတ်တိုင်းကို
ယံယံ အားအမြဲပြောပြထားသော်လည်း သူမညစာစားညပြီးချိန်လောက်တွင်သာ ယံယံက ဖုန်းပြောဖို့
အဆင်ပြေတတ်သောကြောင့် သူမအခန်းသို့သာ ဆက်သွယ်တတ်ခဲ့တာပဲ။ ပြီးခဲ့သောနှစ်ကတည်းက သူမဤ
ရုံးသို့ပြောင်းရွှေ့ခဲ့သော်လည်း သူမထံလာသောဖုန်းများသည် ယံယံဆီမှ တစ်ခါမှ မဖြစ်ခဲ့ရဖူးပါ။
သူမချက်ချင်း ဖုန်းခလုတ်များကို နှိပ်လိုက်မိသည်။ ဒေသ၏ ခြားနားခြင်း၊ အချိန်၏ခြားနားခြင်း၊
ပင်လယ်၏ခြားနားခြင်းများသည် သူမစိတ်ကို စောလျင်စွာ တစ်ထင့်ထင့်ဖြင့် ပူလောင်နေစေခဲ့သည်။
ယံယံ၏ ပျော့နွမ်းနေသော အသံတိမ်တိမ်လေးသည် သူမအား မအေးချမ်းစေရပဲ ရှိရှိသမျှသော သွေးကြောမျှင်များအထိ
လောင်ကျွမ်းပေါက်ကွဲစေကာ သူမကိုယ်သူမ မထိန်းချုပ်နိုင်လောက်အောင် တုန်ခါသွားခဲ့သည်။
ခဏအကြာတွင်တော့ ကိတ်က ဖိုင်တွဲတစ်ခုကို ကိုင်လျက် ဝင်လာတော့
တစ်ဖက်ခန်းသို့ ခလုတ်နှိပ်အကြောင်းကြားပေးရန်မေ့လျော့စွာ ကြောင်ကြည့်နေခဲ့မိသည်။ ကိတ်သည်
သူမ၏ လှုပ်ရှားမှုကို ခဏတော့ စောင့်ဆိုင်းပုံဖြင့်ရပ်နေပြီးတော့မှ သံသယရှိစွာ သူမ၏ လက်ကို
လှုပ်ခါလိုက်သည်။ ထိုအချိန်တွင်တော့ သူမခံစားနေရသော ရင့်နင့်ခြင်းများကို ဖွင့်ထုတ်လိုက်မိတော့သည်။
ကိတ်၏လက်ကို သူမလက်နှစ်ဖက်ဖြင့် အားကိုးတကြီးကိုင်ကာ
‘ကိတ် ငါအခုဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ’
ဟုသာ သွေးရူးသွေးသန် မေးခဲ့မိနေတော့သည်။ ကိတ်က အကြောင်းပြချက်တစ်ခုဖန်တီးကာ
သူမအား အတွင်းရေးမှုးရုံးခန်းမှ ခေါ်ထုတ်လာခဲ့သည်။ ကိတ်၏ ချစ်ခင်ကြင်နာစွာ ဂရုစိုက်လေ့ရှိသော
ပုံစံဖြင့် ‘မကြောက်ပါနဲ့ ကလေးရယ်၊ ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်နိုင်ပါဘူး၊
စိတ်မပူပါနဲ့’
သူမကျောပြင်အားသာသာယာယာပုတ်ပေးနေခဲ့သည်။
သူမအငိုရပ်သွားတော့မှ အကြံပေးသည်။
‘ဖုန်းပြန်ဆက်ကြည့်ပါလား၊ အခုလောက်ဆို အခြေအနေကို ကောင်းကောင်းသိနိုင်လောက်ပြီ’
ယံယံသည် မကြာသေးမီကမှ သူမကို
‘ရွှေရည၊် ခန့်သက် လေ၊ သူ အက်ဆီးဒင့်ဖြစ်လို့၊ အခုသတိတောင်မရဘူးတဲ့၊ ငါဆေးရုံသွားမလို့’
ဟုတုန်နေသော ရှိုက်သံဖြင့်ပြောခဲ့တာမျိုး မဟုတ်တော့ပဲ အနည်းငယ်
တည်ငြိမ်သော အသံဖြင့် ခန့်သက်၏ ဒဏ်ရာများနှင့် ခွဲစိတ်ခြင်းအကြောင်းကို ပြန်ပြောနိုင်တော့မှ
သူမက ကိတ်အား ရှက်ရွံ့အားနာစွာဖြင့် အနှေက်အယှက်အတွက် တောင်းပန်မှုဖြင့် ပြုံးပြလိုက်မိသည်။
နောက်တော့ ကိတ်က အခန်းမှာ စောင့်မည်ဟူသော ပုံစံဖြင့် လက်မကို အနောက်ဘက်သို့ညွှန်ပြပြီး
ထွက်သွားခဲ့သည်။ သူမ၏ ရင်မောရခြင်းများသည် အသက်အန္တရယ်မှကင်းဝေးသော စိတ်သက်သာမှုဖြင့်
လျော့ကျသွားသော်လည်း ဝမ်းနည်းအားငယ်မှုက တစ်ဖန်ပြန်ကြီးစိုးလာသည်။ သူမသည် ခန့်သက်၏ ခံရခက်စွာ
နာကျင်မှုဖြင့် ခုတင်တစ်ခုပေါ်တွင် လဲလျောင်းနေရမည့် ရက်များတွင်လည်း အထောက်အကူလည်းမပြုနိုင်
အဖော်လည်း မဖြစ်နိုင်သူတစ်ယောက်သာ ဖြစ်ခဲ့ရပါသည်။
ထိုအချိန်မှစ၍ ကိတ်ကသူမအား တစ်ယောက်တည်းနေရသော အချိန်များ အတတ်နိုင်ဆုံး
လျှော့ချပေးနိုင်ရန် ကြိုးစားနေခဲ့တော့သည်။ ကိတ်က တစ်နေရာမှ တစ်နေရာသို့ လှမ်းတက်နိုင်ခြင်းသည်
မတော်တဆများနှင့် အပျော်တမ်း ကြိုးစားမှုများမှ ရောက်လာကြခြင်းမဟုတ်ပဲ စိတ်ရောကိုယ်ပါ
နှစ်မြုပ်ပေးဆပ်ရခြင်းနှင့် ဆန္ဒ ပြင်းပြစွာ လမ်းရှာဖွေခြင်းများဖြင့်သာ ရောက်ခဲ့ကြသည်ဟု
အခိုင်အမာ ယုံကြည်သူဖြစ်သည်။ သူမစိတ်အားလျော့စွာ နောက်ဆုတ်ချင်ခဲ့သော နေ့များတွင် သူမပုခုံးကို
ခပ်တင်းတင်း ဆုပ်ကိုင်ကာ
‘မင်းနောက်ပြန်လှည့် ရလောက်အောင် ထိုက်တန်တဲ့အရာ၊ ပိုကောင်းသွားမယ့် အရာကဘာလဲ’
ဟုမေးတတ်ပြီး
‘မင်းဟာ တစ်ထစ်ပြီး တစ်ထစ်တက်နေတာပါ၊ သေးသေးဖွဲဖွဲလေးတွေနဲ့ မင်းကိုယ်မင်း အလဲပြိုမခံနဲ့၊
ဟုတ်လား’
ကိတ်က အားပေးနေခဲ့သည်။ သူမအတွက် ထိုက်တန်သောအရာက နှလုံးသား၏
တည်နေရာဆိုတာတော့မှန်ပါရဲ့၊ ပိုကောင်းသွားမည့် အရာကတော့ ရှိလိမ့်မည် မဟုတ်ပါ။ သူမရှောင်ကွင်းနေသင့်သည့်
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်၏ မိန်းကလေးနှင့် ယောကျာင်္းလေး ဆက်ဆံရေးကို သည်အတိုင်းသာ
စွက်ဖက်ခြင်း၊ တွန်းအားပေးခြင်းများကင်းစွာ လွတ်လပ်ပေးထားခြင်းသည် အကောင်းဆုံးသာဖြစ်သည်။
ဘယ်အရာမှ ထို့ထက်မကောင်းနိုင်ပါ။ ကိတ်သည် သူမမျက်ရည်တို့ကို အင်အားတစ်မျိုးဖြစ်အောင်
ပြောင်းလဲပေးတတ်သော မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ခဲ့သည်။
××××××××××××××××××××××××××××××××××××××××××
ဤသို့ဖြင့် သူမသည် ဘယ်သောအခါမျှ၊ မည်သူ့ကိုမျှ မပြောခဲ့ဖူးသော၊
သူမ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြင့် တစ်ဦးတည်းးသာပိုင်ဆိုင်မည့် ဒိုင်ယာရီများတွင်လည်း
မှတ်တမ်းမတင်ခဲ့ဖူးသော စကားများကို ဤလမ်းမကြီးပေါ်တွင် တိတ်တဆိတ်ပြောနေခဲ့သော ရုံးပိတ်ရက်
နံနက်ခင်းများသည် ပိုပိုပြီးတော့သာ များလာခဲ့ရသည်။ ထို့ထက်ပိုသော ဘယ်တစ်ဦးတစ်ယောက်ကမှ
သူမအသံများကို မကြားနိုင်ခဲ့သေးပါ။ တစ်ခုသော ညလယ်ခေါင်ကြီးတွင်တော့ ပြတင်းတံခါးမှ ခန်းစီးစကို
ဖယ်ကာ ရောင်စုံမီးပွင့်လေးများစီနေသော မြင်ကွင်းကို လှမ်းကြည့်နေမိသည်။ သူမသည် ပျော်ရွှင်ဖွယ်ရာ
ညတစ်ခုကို သတိရတမ်းတမိစိတ်ဖြင့် ယခုကဲ့သို့သော ညအချို့ကို မုန်းတီးစွာ ကျော်ဖြတ်ခဲ့ပြီးပြီ။
ဘာကြောင့်လဲဆိုတော့ ထိုညမျိုး၏ သူမဝရံတာလေးတွင် လမင်းလည်းမရှိ၊ ထိုင်ခုံသုံးလုံး ၊
စားပွဲတစ်လုံး၊ ကော်ဖီသုံးခွက်နှင့် ရွှင်မြူးနေသော လူငယ်သုံးယောက်လည်း မရှိပါ။
သူမခန်းစီးစကို ပြန်အချတွင် ဆုတောင်းသံများညီညာစွာ ထွက်ပေါ်လာပြီး
ရောင်စုံမီးပွင့်လေးများ ဖြာဆင်းနေသော ကောင်းကင်ကို မြင်လိုက်ရသည်။ ဒီလောက်ဆိုတော်ရောပေါ့၊
သူမအိပ်ရာဘေးစားပွဲပေါ်မှ ရေဒီယိုကို FM လိုင်းသို့
ရွှေ့ပြောင်းလိုက်သည်။ 21 Guns ဟူသော သီချင်းသံ သူမအခန်းထဲ ပျံ့လွင့်သွားချိန်တွင်တော
့သူမအားပစ်ထည့်လိုက်သည်ဟု ထင်ရလောက်အောင်ပင် ဆူးအောင့်သွားသည်။ သူမအိပ်ရာထက်သို့ လှဲချလိုက်ရင်း
အပန်းဖြေစခန်းတစ်ခုကို သွားရန်ပြင်ဆင်နေမည့် သူငယ်ချင်းနှစ်ယောက်နှင့် သူတို့ယူသွားမည့် ပစ္စည်းများကို စိတ်ကူးဖြင့်
မှန်းဆ မြင်ယောင်နေမိသည်။ သူမကဖော်မဲ့သော ကော်ဖီခါးခါးနှင့် ပေါင်မုန့်ချပ်လေးများအပေါ်
ထောပတ်ကို ကိုယ်တိုင်သုတ်ရင်း နံနက်စာဖြေရှင်းမည့် အချိန်တွင်တော့ သူငယ်ချင်း နှစ်ယောက်သည်
ပျော်ပျော်မောမောဖြင့် အိမ်အပြန်လမ်းပေါ် ရောက်နေတော့မည်ဟု တွေးမိသောအခါ သူမတွင်ပြန်စရာအိမ်
မရှိသကဲ့သို့ ဆို့နင့်ကြေကွဲသွားရပါသည်။ သူမမျက်လုံးများကိုမှိတ်လိုက်တော့ ပါးပြင်ပေါ်သို့
မျက်ရည်စများ လိမ့်ဆင်းသွားခဲ့သည်။ ထိုအခါ အရင်နှစ်များကအတိုင်း နောက်နှစ်ကူးကိုတော့
သူမချစ်ရသောသူများနှင့် အတူကုန်ဆုံးစေရမည်ဟု ဆုံးဖြတ်မိပြန်လေသည်။
25th
April, 2010


2 comments:
ဝိုးးးးးးးးးးးးးးးးးး အရမ်းမိုက်တဲ့ ၀တ္ထုတိုလေးပါလားးးးးးးးးးး
ရေးပုံရေးနည်းးးးးးးးး ကြိုက်တယ်။။။။။။။။။။။။။။
ဒီဝတ္ထုထဲမှာ ပြောချင်တာတေအများကြီးပြောသွားလို့ တချို့ဇာတ်ကောင်စရိုက်တွေကို သိပ်မရှင်းဘူး။ အဲဒါလေးပြင်နိုင်ရင် ကောင်းမယ်။ အကြံပေးတာပါ ထိုက်ထိုက်။ ပြီးတော့ သတ်ပုံတွေ ဂရုစိုက်ပါ။
Post a Comment