ဝိုင်းဝိုင်း လမ်းလျှောက်တတ်သွားပြီ၊
ကောင်းကောင်းကြီးကို လျှောက်တတ်ပြီ။
ဒါနဲ့ အတူယက်ခဲ့တဲ့
ငြမ်းတွေကိုဖျက်
ဝိုင်းဝိုင်းရှေ့ဆက် သွားလိုသတဲ့။
တစ်ပတ်ရစ် ရင်ငွေ့လေးနဲ့
မဆီမဆိုင် ဒေသက နနွင်းနံ့တွေနဲ့
ပြန်မဝင်ခဲ့ချင်ပါနဲ့ ဝိုင်းဝိုင်းရယ်၊
သည်ဘက်တစ်ခြမ်းမှာကလည်း
ဘုန်းတော်ကြီးလို သိက္ခာတော်လည်းမရ
ပညာရှိလိုလည်း ခေါင်းအေးအေးမတွေးနိုင်
ရူးရူးမိုက်မိုက် ပြေးပေါက်မမှားပါရစေနဲ့၊
အဲ့ဒီ အဲ့ဒီ အကြောင်းတရားတွေကြောင့်ပဲ
ဝိုင်းဝိုင်း ယုယတွယ်တာ ချင်စိတ်တွေ
ကုန်ခမ်းသွားတာ ဖြစ်နိုင်ရဲ့၊
မင်းလမ်းလျှောက်တတ်သွားတဲ့ တစ်နေ့မှာ
သည်ကကောင်က
မှတ်တိုင်တစ်ခု ဖြစ်ကျန်ခဲ့မှာ
ရိပ်စားမိခဲ့တာ
ကြာပါပြီ ဝိုင်းဝိုင်းရယ်၊
ခြေလှမ်းတွေ လုံခြုံပြီ ဆိုမှတော့
အဲဒီ မျက်နှာပြင်ပေါ်က ခရီးရှည်တွေ
မင်း မေ့ တတ် နိုင် ခဲ့ ပြီ ပေါ့ ဝိုင်း ဝိုင်း။
3rd March, 2009
ဒီဇင်ဘာ မိုး
1 year ago


2 comments:
ထိတယ်။ရင်ထဲ တကယ်ထိသွားတယ်စာသားတွေက။ ဆရာမရေ အဟောင်းတွေချည်းပဲတင်မနေနဲ့ဦး။ အသစ်ရေးဦး
မမစကားတွေနဲ့ အားရှိနေရတာဗျ
Post a Comment