Crackers

Mar 7, 2013

0 comments
မပီမသ ပီကေ တစ်ခုကို အရင်းပြု
နှင်းဆီပန်းအိုးကို အကြိမ်ကြိမ်ထိုးကြိတ်နေမိတယ်။
သူကပြန်မေးတယ် မင်းကွဲကြေပြီလားတဲ့
အဲ့ဒီနောက် သူ့အမျက်သူစီး
စိမ်းစိုတဲ့ ဂျုံခင်းထဲ လွင့်နေလိုက်တယ်။
နက္ခတ်တာရာတို့ရဲ့ ဖမ်းအဆွဲ
ရေချိုးခန်းရေပန်းကနေ
ပစိဖိတ် သမုဒ္ဒရာကြီးလှော်ခတ်လာ
ဘယ်လိုကြီးပဲ ဖြစ်နေနေ
ကြမ်းပြင်ကတော့ ခြောက်သွေ့ ဖုန်တက်နေတဲ့ ပင့်ကူအိမ်။
ငါ့အလွဲနဲ့ ငါ့အသည်း
ဘယ်သူက မလိုတမာဖြစ်မလဲ
သေသေချာချာ တော့ ဂရုစိုက်စေချင်တယ်
သူအလွဲသုံးစားသွားတဲ့
ဉာဏ်ရည်အတွက်
အလျော် အစားတော့ ပေးကိုပေးရမယ်။

4th May, 2010

တောက်တက် တောက်တက် အတွေး

Mar 5, 2013

2 comments
 လဟာပြင်တောထဲမှာ
ခါးသက်သက်သဲမှုန်တွေ
အပြည့်အသိပ်ပေါက်ရောက်နေ
ခိုက်ခိုက်တုန်နေတဲ့ မြပုဝါကို
ဒိုင်တခွက်တစ်လုံးရဲ့ခေါက်တုံ့ ခေါက်ပြန်တွေ
အိပ်ဖန်စောင့်နေ
စတိုင်လ် တစ်ခွဲသားနဲ့
သားရေဦးထုပ် တစ်ဆင်စာကတော့
ကော့တေးတစ်ခွက်ကို ပြန့်ပြန့်ရန့်ရန့် ခင်းနေ
လေပြေရဲ့ ယိမ်းနွဲ့မှုကို
ဟာသလုပ်နေတဲ့
ငါတို့ရဲ့ မိုးပျံလှေကားတွေ
မေမေ့ကို တစ်ကြော်ကြော်ဆာနေတဲ့
မလင်းချင်း မပေါက်မြောက်နိုင်
ဘာသာမပြန်နိုင် ကိုယ်ချင်းမစာနိုင်တဲ့
ရုပ်ပုံကားဆက်ရဲ့ သင်္ကေတတွေကိုတော့
အရိပ်အာဝါသ မခိုလုံစေနေ...

27th Jan, 2009


စက္ကူချိုးမင်းသား

2 comments
ဘယ်တုန်းကမှ သည်လောက်ဒေါသမကြီးခဲ့လို့
ဘယ်တုန်းကမှ ဒီလောက်များများမရေးဖူးခဲ့
အေးခဲသွားပြီဖြစ်တဲ့ ချော်ကျောက်တွေလို
အပြာရောင်အိပ်ရာခင်းကို ဆူပူကြိမ်းမောင်းဖို့တောင်
ငုံးတိတိစိတ်ကို ဆွဲဆန့်လို့မရ
တီဗီ မင်းသားတွေကတော့
ကြိုးစားခဲ့တာ ဒီလိုအဆုံးသတ်ဖို့ မဟုတ်ဘူးတဲ့၊
ပလူတစ်ကောင်အတောင်ခတ်တာတောင် ကြားရတဲ့နောက်
တိတ်ဆိတ်အသက်မဲ့ခြင်းဆိုတာ
ဗိုလ်ရှုသဘင်အတွက် ငါးစိမ်းတန်းတစ်ခုလို
နှင်လိုရာမသွားတဲ့ ငါတို့ရဲ့ မြင်းရထားနဲ့
အိမ်အပြန်လမ်းဆိုတာဟာလည်း
စစ်တလင်းပြင်တွေကိုဖြတ်လို့
ရောက်ပဲ မရောက်တတ်နိုင်ခဲ့။

2nd March, 2009

To Canvas, Skateboard's growning

2 comments
ဝိုင်းဝိုင်း လမ်းလျှောက်တတ်သွားပြီ၊
ကောင်းကောင်းကြီးကို လျှောက်တတ်ပြီ။
ဒါနဲ့ အတူယက်ခဲ့တဲ့
ငြမ်းတွေကိုဖျက်
ဝိုင်းဝိုင်းရှေ့ဆက် သွားလိုသတဲ့။
တစ်ပတ်ရစ် ရင်ငွေ့လေးနဲ့
မဆီမဆိုင် ဒေသက နနွင်းနံ့တွေနဲ့
ပြန်မဝင်ခဲ့ချင်ပါနဲ့ ဝိုင်းဝိုင်းရယ်၊
သည်ဘက်တစ်ခြမ်းမှာကလည်း
ဘုန်းတော်ကြီးလို သိက္ခာတော်လည်းမရ
ပညာရှိလိုလည်း ခေါင်းအေးအေးမတွေးနိုင်
ရူးရူးမိုက်မိုက် ပြေးပေါက်မမှားပါရစေနဲ့၊
အဲ့ဒီ အဲ့ဒီ အကြောင်းတရားတွေကြောင့်ပဲ
ဝိုင်းဝိုင်း ယုယတွယ်တာ ချင်စိတ်တွေ
ကုန်ခမ်းသွားတာ ဖြစ်နိုင်ရဲ့၊
မင်းလမ်းလျှောက်တတ်သွားတဲ့ တစ်နေ့မှာ
သည်ကကောင်က
မှတ်တိုင်တစ်ခု ဖြစ်ကျန်ခဲ့မှာ
ရိပ်စားမိခဲ့တာ
ကြာပါပြီ ဝိုင်းဝိုင်းရယ်၊
ခြေလှမ်းတွေ လုံခြုံပြီ ဆိုမှတော့
အဲဒီ မျက်နှာပြင်ပေါ်က ခရီးရှည်တွေ
မင်း မေ့ တတ် နိုင် ခဲ့ ပြီ ပေါ့ ဝိုင်း ဝိုင်း။

3rd March, 2009

ရိုးရိုးသားသား တီရှပ်တစ်ထည်

Mar 3, 2013

1 comments
ညနေခင်း စားပွဲတွေ
တက်ရာက်လေ့မရှိ
ဘာကမှ ချည်လို့မရလို့
ချည်ထားစရာလည်းမလို
ပန့်ခ်အဆိုတော်မလေးလို
ဖာသိဖာသာပဲ နေပါစေ
စွတ်ရချွတ်ရလွယ်
လက်တွဲလမ်းလျှောက် ဖို့လွယ်
စုံတွဲ လျှိုသွင်းဖို့လည်း
ဈေးသက်သာ
ရံဖန်ရံခါ
ဆိုးဆေးရောင်စုံ
စွန်းညှိနေပေမယ့်
ထော်လော်ကန့်လန့်နိုင်တဲ့
ကုန်တိုက်ကြီးက
မညှာမတာ ဂုတ်သွေးစုပ်ရင်တောင်
သူကတော့
ပင်လယ်မှာဆိုလည်း လှိုင်းစီး
နေဆာလှုံနိုင်တယ်။

5th March, 2009 
စာညွှန်း- http://yinnyein4yoe.blogspot.com/2012/07/blog-post_4783.html

သင်၏ကိုယ်စား ပြောခွင့်ရပုဂ္ဂိုလ်

1 comments
ဆယ်နှစ်တာ အချိန်ဇယားများကြောင့်
သင်၏ နှောင့်နှေးမှုကို သည်းမခံလို
ကျွန်ုပ်သည် ထွက်ခွာရတော့မည်ဖြစ်ပြီး
သင်နှင့် အပေါင်းပါတို့သည် ကျောက်ဆူးကို ဆက်၍သာ ချထားသည်
သင့်ကို တောက်ပခွင့်ပေးလျက်
သင်သည် ကားစင်ကို ဗလာမထား ရန်မူလျက်ရှိသည်
သင်၏ ချုပ်တီးမှုများအတွက် တော်လှန်ရေးအား
ကျွန်ုပ်၏ ရင်တွင်မဖြစ်ပွားစေလို
သင့်အမုန်းတရားများအတွက် ပူလောင်မှုကို
ကျွန်ုပ်ပါးပြင်သို့ မလွှဲပြောင်းစေလို
ထွက်ခွာတော့မည့် ရထားတစ်စင်း၏ နှောင့်နှေးမှုသည်
ရောက်လာလတ္တံ့သော လက်ဆောင်များကို ဂဏာမငြိမ်စေသည်
ကျွန်ုပ်သည် သင့်အား
မကြာခင်ကျောခိုင်းတော့မည့် နွေဦးနှင့်အတူ လိုက်ပါ၍
အပျက်ပျက်နှင့် ကယောက်ကယက် တို့ကို ပွဲသိမ်းစေလိုသည်
ဤအရာသည်
ညွှန်ကြားချက်တစ်ခု၊ အကြံအဉာဏ်တစ်ခု၊ အမိန့်တစ်ခုဖြစ်ပြီး
နောက်ဆုံး ခြိမ်းခြောက်လိုသည်မှာ
ကျွန်ုပ်သည် တံခါးကိုဖွင့်ပြီး ကောင်းကင်ကို မော့ကြည့်လျက်ရှိသည်
အေဂျေခရိုနင်၏ လှုပ်လိလှုပ်လဲ့ ရဲတိုက်ကို
ဖောက်ခွဲဖျက်စီးခဲ့သူသည် ကျွန်ုပ်ပင် ဖြစ်ပြီး
ကျွန်ုပ်၏ နှုတ်ခမ်းတွင် သကာနှင့် အတူ တမာကိုပါ
သင့်အားပြုံးပြနှုတ်ဆက်ရန် တပ်ဆင်ထားပြီး
ရွေးချယ်မှု ပြုချင်းသည် သင်၏အခွင့်အရေးသာဖြစ်သည်။
ကျွန်ုပ်၏ မုန်တိုင်းကာလများ
ပြီးဆုံးသွားခဲ့ပြီ။

31st March, 2010

လက်ဆွဲဆောင်ပုဒ်

Mar 1, 2013

1 comments
သိပ်ပြဇာတ် မဆန် နဲ့ကလေး
မင်းမြင်ရမှာတွေက
ပွဲတိုးကောင်းတဲ့ သီရေသာတွေချည်း မဟုတ်ဘူး၊
စိတ်ရဲ့ မလုံခြုံမှုကို
အသစ် အသစ် တွေနောက် လိုက်စားရင်း
မပြသမိစေနဲ့ကလေး
ရုန့်ရင့်ကြမ်းတမ်း ဆဲဆို ခံရမယ်၊
သနားကြင်နာခြင်းဟာ
သူ့ဟာသူ လိပ်ပတ်လည်ပါစေ
မဟုတ်ရင် ရာသီ တစ်ခွင်လုံး
တစ်ဆတ်ဆတ်ခါ နာကျင်သွားရလိမ့်မယ်ကလေး၊
သေသေသပ်သပ် ထုပ်ပိုးပါ
မြက်တောမှာ ကပ် နေတဲ့ပန်းတွေကို
သွားသွား မနမ်းချင်ပါနဲ့ ကလေး
နှုတ်ခမ်းသားတွေသာ ပူလောင်သွားလိမ့်မယ်၊
လမ်းကြောပိတ်ဆို့ နေတဲ့ ရထားလုံးကို တွေ့တဲ့အခါ
ငွေ့ရည်ဖွဲ့ ရောက်ရှိလာတဲ့ ဒဏ်ရာတွေကို
ပြီးစလွယ်မပျောက်ကင်းစေနဲ့
ကလေး... မင်းရဲ့ ခွာကို ခိုင်အောင်ရိုက်ပါ။

10th November, 2009

My yell

1 comments
ငါမင်းကို အကျယ်ကြီးအော်ပြောချင်နေတာ မင်းသိလား
decibel အမြင့်ဆုံးနဲ့ ဖွင့်ထားတဲ့ speaker တစ်ခုလို ငါအ်ာချင်နေတာ
ဆူညံမှုနဲ့ ရင်ခွဲစစ်ဆေးခံရမယ့် ပုစဉ်းရင်ကွဲလို ငါအော်ပြောချင်နေတာ
သိမ်းဆည်းခြင်းတွေနဲ့ ငါ့အခန်းက မှိုတက်နေလို့ အခုတော့ ငါ ဖွင့်ထုတ်ပြောတော့မယ်
မင်းသိလား ထိပ်တန်းလုံခြုံရေး စနစ်တပ်ဆင်ပြီး ငါပြေးခဲ့တာ
မိုင်တစ်ရာဆိုလည်းဟုတ် မိုင်တစ်ထောင် ဆိုလည်းဟုတ်
ဒီတော့ ငါ ဆက်မရွေ့ချင်တော့ဘူး
ငါ့လည်ချောင်းတွေ ပူလောင် ခြောက်ကပ်အောင်ပဲ မင်းကြိုးတွေက
တင်းတဲ့အခါတင်း လျော့တဲ့အခါလျော့  ဘယ်တော့မှ အစီအစဉ်မကျ
ဒီတော့ ငါ မင်းကို အသံကုန်ခြစ်ပြီးအော်ပြောရုံ အပြင် မရှိတော့ဘူး
ဒီနေ့က စပြီး
ငါ မင်းကို ပြောပြတော့မယ်
အကျယ်ဆုံးသော အပွင့်နိုင်ဆုံး အသံနဲ့ ငါအော်ပြောမယ်
ငါ တကယ်ပြောတော့မှာမို့
မင်းရဲ့ နားစည်တွေကို ကြိုတင် အကြောင်းကြားစေချင်တယ်
ငါ့ရဲ့ လွှင်းထုတ်လိုက်တော့မယ့် အသံလှိုင်းတွေက
အာရုံကြောတွေကို ဖြတ် မင်းနှလုံးသားဆီ ပူပူနွေးနွေး ရောက်လာတော့မှာမို့
မင်းကို စောင့်နေစေချင်တယ်။

12th May, 2010


About me

mypersonalspace
View my complete profile

Comment