ကြင်ကြင်နာနာ ယုယုယယ ဖေးဖေးမမ နူးနူးညံ့ညံ့
တတ်စွမ်းသမျှသော ချစ်ခြင်းတရား
သူ ငါ့ကို ပေးခဲ့တာ ဆွဲဆောင်မှုတွေ
ငါ့ရေချိုးခန်းမှာ သွားတိုက်တံ အပိုတစ်ချောင်း
ငါ့အ၀တ်ပုံတွေထဲမှာ သူ့အင်္ကျိ အချို့ကခေါက်လျက်
နွားနို့ကုလားကြီးနဲ့ ခြိမ်းခြောက်လို့ ဟိန်းဟောက်လိုဟောက်
ယုန်ငယ်လေးလို သိမ်မွေ့ရင် သိမ်မွေ့
လမ်းမက လူတွေနဲ့ ရတဲ့ လမ်းမက ဒဏ်ရာတွေ
သူငါ့ဆီရောက်လာတဲ့ပုံက စာတိုက် တစ်ခုကို ၀င်ထွက်သလို
ပို့လိုတဲ့အခါပို့၊ ထုတ်ယူလိုတဲ့ အခါထုတ်ယူ
ကျောကို သပ်ချပေးဖို့တော့ ငါ့တာဝန်လို့ပဲ ကျေပွန်ခဲ့တယ်
အတူတကွလို့ အသေအချာလက်တွဲ ဘယ်လိုပဲ စာချုပ်ထားပါစေ
သူ့နှလုံးသားရဲ့ ဟိုဘက် တံခါးချပ်မှာ
အခြားသော အစိတ်အပိုင်းရဲ့ တစ်စိတ်တစ်ဒေသ တွေက အပြည့်နဲ့
ငါ့နှလုံးသားရဲ့ တစ်ဖက်ခြမ်းကို
လောင်မြိုက် ဆွေးမြေ့ ပုပ်ပွစေခဲ့
တစ်ခါလည်းမဟုတ်၊ နှစ်ခါလည်း မက
တာဝန်မယူနိုင်သော ကတိက၀တ်များ
ဟန်မဆောင်နိုင်သော လွဲမှား ဆန့်ကျင်မှုများ
မပြုပြင်နိုင်သော နိုင်လို မင်းထက်များ
အဲ့ဒီလူကို ငါမပိုင်ဘူးလို့ စွဲစွဲ မြဲမြဲသိဖို့
အချိန်တော့ ယူရဦးမယ်။
သူ့ရဲ့ ရောင်စုံအိပ်မက်တွေထဲမှာ ငါ့ကို ထည့်မက်ချင်ယောင်ဆောင်ခဲ့
သူ့ဘ၀တစ်လျှောက်လုံးမှာ ငါ့ကိုသာ ကြည့်မြင်ခဲ့ယောင်ဆောင်ခဲ့
သူ့ရဲ့မက်မက် မောမော တောင့်တမှုက ငါတို့ရဲ့ အချိန်တွေ ဖြစ်ယောင် ဆောင်ခဲ့
သူ့ရဲ့ အစွဲလမ်းဆုံးအရာက ငါ့အပြုံး ဖြစ်ချင်ယောင်ဆောင်ခဲ့
ငါပါပဲ လို့ခေါင်းစဉ်တပ် ဆုံးဖြတ်ချက် ချချင်ယောင်ဆောင်ခဲ့
အယောင်ဆောင်များနဲ့ ဟန်ဆောင်ဖုံးလွှမ်းနေတဲ့ ရုပ်ရှင်
အခုတော့ ဖုံးမရ ဖိမရ ဘယ်လိုစေ့စေ့ မလုံမလဲနဲ့
သူဟာ ငါ့အတွက် အဖော် မဖြစ်ပေးနိုင်ဘူး တဲ့
ရင်နင့်အောင် ရယ်ရတဲ့ ဇာတ်မို့ ငါ့မျက်ရည်နဲ့တောင် မတန်ဘူး
ငါ့အချိန်တွေ ငါနှမျောလွန်းလို့
ဖလင်ကွက်တွေသာဆိုရင် မီးရှို့ပစ်တယ်၊
သူဟာ ငါ့အတွက် အဖော် မဖြစ်ပေးနိုင်ဘူးတဲ့။
28th May, 2010


2 comments:
သူ့ဘ၀တစ်လျှောက်လုံးမှာ ငါ့ကိုသာ ကြည့်မြင်ခဲ့ယောင်ဆောင်ခဲ့
သူ့ရဲ့မက်မက် မောမော တောင့်တမှုက ငါတို့ရဲ့ အချိန်တွေ ဖြစ်ယောင် ဆောင်ခဲ့
သူ့ရဲ့ အစွဲလမ်းဆုံးအရာက ငါ့အပြုံး ဖြစ်ချင်ယောင်ဆောင်ခဲ့
ငါပါပဲ လို့ခေါင်းစဉ်တပ် ဆုံးဖြတ်ချက် ချချင်ယောင်ဆောင်ခဲ့
အိုက်ထဲ တို့ပါဘူးနော်ညီမလေး။
ယုယုယယ ဖေးဖေးမမ နူးနူးညံ့ညံ့ ရှိလှတဲ့ ကဗျာလေးဖတ်ခဲ့တယ်
ရိုးမြေကျမှာတွေပလို့လိုက်လာတာနော်......
လည်စရာတအိမ်တိုးလို့ဝမ်းမြောက်လှပါတယ်
Post a Comment