အောင်မြင်မှု၊ ထင်ပေါ်ကျော်ကြားခြင်း နှင့် ကံတရား၏မေတ္တာ

Feb 25, 2013

2008 ခုနှစ် November ရဲ့ 16 ရက်နေ့မှာ ကွန်ပျူတာတက္ကသိုလ်ရဲ့ 2007-2008 ပညာသင်နှစ်အတွက် အောင်စာရင်းတွေ ထုတ်ပြန်ကြေညာပါတယ်။ တက္ကသိုလ် အဆင့်ရဲ့ အောင်စာရင်းကာလကို ကြုံကြိုက်ခဲ့တာ အခုဆိုရင် ငါးကြိမ်မြောက်ပါပြီ။ ဟိုးအရင်ပြီးခဲ့တဲ့ လေးနှစ်ကာလမှာ ခံစားမှု တစ်စုံတစ်ရာ ရှိအောင် စိတ်လှုပ်ရှားလို့ မရခဲ့ပါဘူး။ ဒီနှစ်ကတော့ မတူညီတဲ့ အဖြစ်အပျက် တစ်ခုပါ။



အခုတက်ရောက်ခဲ့တဲ့ အတန်းက နယ်တက္ကသိုလ်တွေမှာ ပထမဆုံးအကြိမ် ဖွင့်လှစ်တဲ့ အတန်းဖြစ်တဲ့အတွက်ကြောင့် မပြည့်စုံမှုတွေ အများကြီး ကြုံတွေရတဲ့နှစ်ဖြစ်ပါတယ်။ စာမေးပွဲကာလမှာ DoS ကြောင့် internet က ပျက်သွားခဲ့တယ်။ 1st semester မှာ e-learning ကပို့ချခဲ့တဲ့ video conferencing တွေက တကယ်ကို အထောက်အကူပြုခဲ့တာမို့ ကူရာကယ်ရာမဲ့တဲ့ သူတွေအတိုင်းပါပဲ။

ကျေးဇူးတင်စရာကောင်းစွာနဲ့  ဆရာဆရာမတွေရဲ့ စိတ်ရှည် သည်းခံမှုတွေကြောင့် အောင်စာရင်းကြေညာစာရွက်မှာ နာမည်တွေပါလာခဲ့ပါတယ်။ မယုံကြည်နိုင်တာတစ်ခုပါပဲ၊ နာမည်ကတော့ အနောက်တစ်နေရာကို ရောက်သွားခဲ့တယ်။

ဒီလိုအံ့သြမှုမျိုး ကြုံတွေ့ရတာ ငါးနှစ်အတွင်း ဒုတိယအကြိမ်ပါ။ပထမတစ်ကြိမ်က 2nd year ရဲ့ result ပေါ်မှာပါ။ ကိုယ့်ကိုကိုယ် ဘယ်နေရာမှားခဲ့တာလဲလို့ မထောက်ပြနိုင်ခင်မှာပဲ စိတ်ဓာတ်တွေက ဟိုး ရေဆုံးမြေဆုံးထိ ကျဆင်းသွားခဲ့ရပါပြီ။ ဘယ်လို အံ့သြအံ့သြ အောင်စာရင်းဟာ အောင်စာရင်းပါပဲ၊ တကယ့်ကို အတိအလင်း အောင်စာရင်းပါပဲ။ ကိုယ့်ကိုကိုယ် ပြင်ဆင်ထားတယ်၊ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်လျက် နဲ့ ကိုယ့် မျှော်လင့်ချက်စံချိန်အောက် ရလဒ် ကျဆင်းသွားတာ မခံစားဖူးတဲ့သူက ဘယ်လိုမှ နားလည်မှာ မဟုတ်ပါဘူး။

ဆရာတစ်ယောက်ရဲ့ အားပေးတဲ့ ဆုံးမစကားတစ်ခုကို သတိရမိပါတယ်၊ ဘာသာရပ် စာမေးပွဲရလဒ်ရဲ့ အဆင့်အတန်း ဆိုတာ ဘဝမှာ ကိုယ်စိုက်ထုတဲ့မှတ်တိုင်တွေပါတဲ့၊ အဲ့ဒီမှတ်တိုင်တွေ မရှိခဲ့ရင်လည်း ရှေ့ဆက် ဘဝတစ်လျှောက်မှာ အကောင်းမွန်ဆုံး ဖန်တီးနိုင်မယ့် လမ်းတွေအများကြီးရှိပါသေးတယ်တဲ့။ ဘယ်လိုပဲပြောပြော ကိုယ်ကကြိုးစားထားပြီး မျှော်လင့်ခဲ့လျက်နဲ့ မအောင်မြင်နိုင်ခဲ့တာဟာ ကြယ်တာရာနဲ့ လွဲခဲ့တာပါပဲ။

အောင်မြင်မှုဆိုတာ တန်ဖိုးနည်း ပစ္စည်းတစ်ခုတော့မဟုတ်ဘူး၊ ရွတ်ဆိုဖို့ လွယ်ကူသလောက် ဆုပ်ကိုင်နိုင်ဖို့ မလွယ်ကုတဲ့ ကိစ္စဖြစ်ပြီး တကယ်ကို အရည်အသွေးမြင့်တဲ့ ပန်းတိုင်တစ်ခြုဖစ်ပါတယ်။

classmate ဆိုတာပြိုင်ဘက်မဟုတ်ပေမယ့် ကိုယ့်အရည်အသွေးကိုယ် အကောင်းဆုံးတူးဖော်ရာ အဖော်အမွန်တွေ ဖြစ်ပါတယ်။ အားကစားသမားတစ်ယောက်ရဲ့ ဆောင်းပါးမှာ ဖတ်ခဲ့ဖူးတယ်၊ ဘဝဆိုတာ မညီမျှမှုရဲ့ နေရာဖြစ်တယ်၊ ဘယ်လိုစံချိန်နဲ့ တိုင်းတိုင်း သူတို့ဟာ အရှုံးသမားတွေဖြစ်ပါတယ်၊ အောင်ပွဲခံတွေကို သုံးကြိမ် ဂုဏ်ပြုလိုက်ပါတယ်၊ သူတို့ကိုတော့ သည့်ထက်ပို ဂုဏ်ပြုစေချင်ပါတယ်တဲ့။

ဘဝဆိုတာ မညီမျှတဲ့ဒေသဆိုတာတော့ အသေအချာပါပဲ။  လူတိုင်းလူတိုင်းမှာ အားနည်းချက် ကိုယ်စီ အားသာချက် ကိုယ်စီရှိလျက်နဲ့ ကာလ၊ ဒေသရဲ့ အချို့သော ပေတံတွေဟာ အားနည်းချက်တိုင်းကို လျစ်လျူမရှုသလို အားသာချက်တိုင်းလည်း highlight မပေးခဲ့ဘူး။ တစ်ခါတစ်ရံမှာတော့ ဘဝဟာ ကြောင်စီစီနိုင်တဲ့ ဟာသတစ်ကွက်ပါပဲ။

ကဗျာဆရာတစ်ရောက်ကတော့ ပြောဖူးတယ်၊ အဆိုးမြင်ဝါဒကပြောရင် ဝါကျတစ်ကြောင်းတောင် ဖြောင့်အောင် မရေးတတ်ပဲ အရာင်းရဆုံး စာရးဆရာ ဖြစ်နိုင်သလို အကောင်းမြင်ဝါဒကပြောရင် လူတစ်ယောက်အောင်မြင်တယ်ဆိုတာ အလကားတော့မဟုတ်ပါဘူးတဲ့။

တက်ကျမ်းတွေကပြောတယ်၊ လူဆိုတာ ဖြစ်ချင်တဲ့ အရာ အားလုံးကို ဖန်တီးနိုင်စွမ်းတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ လောကမှာ ရှိရှိသမျှ ကြီးကြယ်မြင့်မြတ်မှု မှန်သမျှကို လူသားတွေထဲက လူတွေကသာ ဖန်တီးနိုင်ခဲ့လို့ ဖြစ်ပါတယ်တဲ့။

လူတစ်ယောက်ရဲ့ စိတ်စွမ်းအင်ဟာ အလွန်အင်အားကြီးမားတဲ့ တန်ခိုးဆိုတာ အမှန်အကန်ပါပဲ၊ လူဟာ သူယုံကြည်သမျှကို လက်တွေ့ဘဝကို ခေါ်ဆောင်နိုင်တဲ့ အသိဉာဏ်မြင့် သတ္တ၀ါဖြစ်ပါတယ်။ အဲ့ဒီထဲမှာမှ တချို့ သုတေသနတွေက ပြောပြန်တယ်၊ management level မှာ ဘယ်လို ကြိုးစား ကြိုးစား မအောင်မြင်နိုင်တဲ့ တချို့လူတွေရှိပါတယ်တဲ့။ ဘဝမှာ အောင်မြင်ဖို့ စုဆောင်းတဲ့ လက်နက်တွေက ပြည့်စုံဖို့ ရာ ခက်ခဲတဲ့ အရာတွေပါပဲ။

အောင်မြင်မှုနဲ့ သြဇာသက်ရောက်မှုကို Live show တစ်ခုမှာ တွေမြင်ခဲ့ရပါတယ်။ local show တွေ ပေါများသလောက် နိုင်ငံကြော်ပုဂ္ဂိုလ်တွေနဲ့ အထိအတွေ့နည်းတဲ့အတွက် ချမ်းအေးလှတဲ့ ဒီဇင်ဘာလကြီး မြစ်ကြီးနားမှာ show ရှိတော့ အဲ့ဒီရုံရဲ့ လမ်းတစ်လျှောက်ဟာ ပွဲဈေးတန်းတစ်ခုလို ဖြစ်ခဲ့ရပါတယ်။

ပွဲအဖွင့်မှာတော့ လူသိနည်းတဲ့ အဆိုတော်တွေဖြစ်တဲ့အတွက် ပရိတ်သတ်က ငြိမ်သက်နေပါတယ်၊ တကယ့်ဆရာသမားတွေ အလှည့်ကျတော့ လူထုဟာ အုန်းအုန်းကျက်ကျက် ဆိုတာမျိုးပါပဲ။ အဲ့ဒီအခါမှာတော့ အောင်မြင်မှုဆိုတာ ဒါပါပဲ လို့ မှတ်တမ်းတင်မိတာပါပဲ။

screen ထဲမှာ မြင်နေကျမှာ သိပ်သဘော တွေ့စရာ မကောင်းဘူးလို့ ထင်ရတဲ့ တမူထူးအောင် ဝတ်စားပြင်ဆင်တတ်တဲ့ အဆိုတော်ကို မြင်တွေ့ရတဲ့ အခါမှာတော့ သူဟာ ဘာလို့ လူကြိုက်များနေတာလဲလို့ မှန်းဆနိုင်ခဲ့ပါတယ်။ အောင်မြင်တယ်ဆိုတာ အရည်အချင်း တစ်ခုပဲလို့ ကိုယ့်ဦးနှောက်ကိုယ် ပြန်သံပတ်ပေးမိပါတယ်။ သူ့ရဲ့ ဆွဲဆောင်နိုင်မှုကို မမြင်ရခင်မှာတော့ သူ့ အသံဟာ Celine Dion ရဲ့ သံစဉ်တွေနဲ့ မလိုက်ဖက်ဖူးလို့ ထင်ခဲ့ဖူးပါတယ်။ တကယ့် Live အသက်ဝင်လှုပ်ရှားမှုမှာ hair-splitting ဆိုတာ အဲ့ဒီကိစ္စမျိုးတွေအတွက် ပြောတာပဲလို့ နားလည်လိုက်ပါတယ်၊ ဖြုန်းတီးတယ် လို့ ပြောရင်ပြောနိုင်သလို သူဟာ လူထုရှေ့ ထွက်ရတဲ့ celebrity တစ်ယောက်ဖြစ်တဲ့အတွက် fashion ကို ဖန်တီးတာဟာ သဘာဝကျတဲ့ ဖြစ်စဉ်ပါပဲ။

ပွဲပိတ်အဆိုတော်ကတော့ အထူးပြောစရာမလိုအောင် နာမည်ကြေညာ လိုက်တာနဲ့ တစ်ရုံလုံးနီးပါးသော လူတွေက မတ်တပ်ရပ် ခုန်ပေါက်ပြီးသားဖြစ်နေတယ်။ သူ့ရဲ့ အဖွင့်သီချင်းကလည်းမြူးကြွပြီး အားမာန်ပါလှတဲ့ သစ္စာတော် (၇) ဖြစ်ပါတယ်၊ လူငယ်တွေရဲ့ စိတ်ဓာတ်ကို ဘယ်လောက်တက်ကြွစေလိုက်သလဲ။ သူက မေးသေးတယ်၊ သူ့ ပရိတ်သတ် ဘယ်လောက်ပါပါသလဲတဲ့၊ အားလုံးပဲ သူ့ကို လက်တွေမြှောက်ပြကြတယ်။ မြင်ရတဲ့ သူကိုယ်တိုင်ကတော့ မသိဘူး၊ ကိုယ့်ကို ဘယ်သူ ဘယ်ဝါမှန်း မှတ်ပုံတင်ထားမှာ မဟုတ်ပဲ ကိုယ့်နှစ်သက်မှုကို ဖော်ပြခွင့်ရတာကိုပဲ ပျော်ရွှင်ခဲ့ကြပါတယ်။ ပြီးတော့ထပ်မေးသေးတယ် သူ့သီချင်း ဘယ်နှပုဒ်ရပါသလဲတဲ့၊ ပရိတ်သတ်က အားကျမခံ သူသံစဉ်လွတ် ရွတ်ဆိုပေးတဲ့ သီချင်းမှန်သမျှကို လိုက်ဆိုပေးခဲ့ကြပါတယ်။

အမှတ်တရလက်ဆောင် တက်ပေးတဲ့ ပရိတ်သတ်ရဲ့ အနမ်းပေါင်းများစွာကိုပါ သိမ်းပိုက်သွားနိုင်တဲ့ ဒီလောက်အောင်မြင်တဲ့ လူငယ် ပုဂ္ဂိုလ်ကို ခြေဆုံးခေါင်းဆုံး စေ့စေ့စပ်စပ် လေ့လာကြည့်ပါတယ်။ သူ့ အဝတ်အစားက ရိုးရိုးရှင်းရှင်း၊ စကားကိုတော့ စနစ်တကျပြောတာကို တွေ့ရပါတယ်။ ဒါဟာလည်း သူ့အောင်မြင်မှုကို အထောက်အပံ့ ပေးခဲ့တဲ့စွမ်းအားတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူ့ရဲ့ လူထုအပေါ် သြဇာ သက်ရောက်နိုင်စွမ်းတဲ့ communication အပေါ် ဘယ်လိုပဲ သုံးသပ်သုံးသပ် သူဟာ အပြစ်ကင်းပြီး လိမ္မာပါးနပ်သူတစ်ယောက် ဖြစ်ပါတယ်။ သူ့အောင်မြင်မှုဟာ ပါရမီပဲပြောပြော၊ လူတွေပြောတဲ့ ကံတရားပဲ ဆိုဆို၊ သူစိုက်ထုတ်ခဲ့တဲ့ ဇွဲလုံ့လပဲ ဖြစ်ဖြစ်ဘယ်လိုပဲ တိုင်းတာတိုင်းတာ သူဟာ တက်လှမ်းဖို့ခက်တဲ့ အမြင့်တစ်နေရာက အလံတစ်ခုပါပဲ။

God helps those who help themselves. တဲ့၊ သူဟာ သူ့ကိုယ်သူ အထိရောက်ဆုံးကူညီခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပါလိမ့်မယ်။

လူတွေဟာ သူတို့ရဲ့ ရှိရှိသမျှ စွမ်းအားတွေကို မထုတ်ဖော်ကြဘူး ဒါမှမဟုတ်ရင်တောင် နေရာမှန်မှာ မထုတ်ဖော်ကြဘူးလို့ပြောဆိုကြတယ်။ လူတိုင်းလူတိုင်းမှာ ကြီးကျယ်မြင့်မြတ်ဖို့ အခွင့်အရေး တွေရှိလျက်နဲ့ အောင်မြင်ခြင်းအဆင့်အတန်းတွေ အကန့်အသတ်နဲ့ ပိုင်းခြားသွားတာ ဘာကြောင့်များလဲ?

လူတွေဟာ ဆရာမဂျူးရဲ့ အေးငြိမ်းမေ ထင်မြင်သလိုပါပဲ၊ ကံတရားကို အလွယ်တကူ သုံးနှုန်းတတ်ကြပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကကတော့ လူဟာ အကြောင်းပြချက်ရှာတဲ့ အမျိုးလို့ ပြောခဲ့ဖူးတယ်။ တကယ်ပါပဲ လူတွေဟာ မအောင်မြင်တော့တဲ့ အချိန်မှာတော့ ကံမကောင်း အကြောင်းမလှဘူးလို့ပဲ ယူဆတတ်ကြတော့တယ်။ ဘဝမှာကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ပြီးဆုံးတိုင်အောင် ရောက်ရှိ အနိုင်ယူနိုင်ဖို့ဆိုရင် အဲ့ဒီလို အဲ့ဒီလို အရှေ့က ပုဂ္ဂိုလ်တွေရဲ့ ကံတရားဟာ သူတို့အပေါ် ဘာလို့များသိပ်ပြီး မေတ္တာသက်ရောက်နေတယ်ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို သတ္တိရှိရှိ အဖြေထုတ်တတ်ဖို့တော့ လိုပါလိမ့်မယ်။

5th December, 2008   

1 comments:

Yoemyaykya said...

အဲဒီအကြောင်းအရာလေးဖတ်လိုက်ရတော့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ရင်ထဲက ဒဏ်ရာက သိပ်မကျက်သေးဘူးလို့ ကိုယ့်ကိုယ်ကို သတိထားမိတယ်။

Post a Comment

About me

mypersonalspace
View my complete profile

Comment