
သည်နေ့ ကော်ဖီ မသောက်ဘူးလို့ ဆုံးဖြတ်ထားတယ်
အရုဏ်တက်မှာ အိပ်ရာဝင်၊ ရုံးတက်ချိန်မှာ အိပ်ရာထ
ဇီးကွက် တစ်ကောင်လိုပဲ ဘယ်တော့မှ လန်းဆန်းတက်ကြွ မရှိခဲ့၊
အသက်နဲ့ မမျှအောင် ထုံထိုင်းခဲ့ အရွယ်နဲ့ မမျှအောင် မှုန်မှိုင်းခဲ့
ညနဲ့ မတန်အောင် အိပ်မက်ကြော ရှည်ခဲ့။
သည်ကဗျာကို ဆက်မရေးတော့ဘူး လို့ ဆုံးဖြတ်ထားတယ်နာနာကျင်ကျင် ခက်ခက်ခဲခဲနဲ့အော်
သားကောင်တစ်ကောင်လို မညည်းတွားချင်ဘူး၊
သည်လမ်းကို နောက်တစ်ခေါက် ထပ်မလျှောက်ဖို့ ဆုံးဖြတ်ပြီးသား
စီးထားတဲ့ ဖိနပ်တွေက မတော်၊ ဆောင်းထားတဲ့ထီးက မလုံ
မျက်နှာချင်းဆိုင်က လောကဓံ ရှစ်ပါးက လောကဓံ ပီသမှာပဲ။
ဒါပေမယ့်လည်း...ခြေထောက်တွေက ထမင်းစားခန်းကိုသွား
လက်တွေက all time premier ကို ဖန်ခွက်ထဲထည့်
တစိမ့်စိမ့်ယို ပေါက်ကွဲနေတဲ့ ကြားက
အဲ့ဒီ ကဗျာကိုပဲ ဆက်ပြီးစိတ်ကူးနဲ့ရေး
သည်လမ်းမပေါ်မှာပဲ ခေါက်တုံ့ခေါက်ပြန် အတွေးပွားနေလိုက်တာ
တစ်ခြံလုံးပြည့်လျှံ နေတာတောင် သတိမလည်နိုင်သေး။
27th May,2010

1 comments:
ကဗျာလေးက မော်ဒန်ဆန်တယ်။ ဆက်ကြိုးစားပါ။ အမာခံပရိသတ်တစ်ယောက်မုံရွာမှာရှိနေတယ်။
Post a Comment